ဟိန္ဒူတွေကို အာဆာ သတ်ဖြတ်ခဲ့တာလို့ AI ထုတ်ပြန်

ဓာတ်ပုံ မူပိုင် STR
Image caption ဟိန္ဒူတွေလည်း ရာနဲ့ချီ အသတ်ခံခဲ့ရ

ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ Amnesty International အဖွဲ့ ယူကေ ကနေ သူတို့ရဲ့ တွေ့ရှိချက် အသစ်တွေ ဆိုပြီး ထုတ်ပြန် လာပါတယ်။

AI အဖွဲ့ရဲ့ ဒီတခေါက် အစီရင်ခံစာထဲ မှာတော့ ရခိုင်ပြည်နယ်ထဲက ဟိန္ဒူ အသိုင်းအဝိုင်းကို ပစ်မှတ် ထားပြီး အာဆာ အဖွဲ့ ကျူးလွန်ခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခဲ့မှုတွေ အကြောင်း ဖော်ပြ ထားပါတယ်။

ဒီ အစီရင်ခံစာ ထုတ်ပြန်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတွေထဲ AI အဖွဲ့ သွားရောက် ခဲ့ပါတယ်။

ဟိန္ဒူတွေကို လုံခြုံရေးပေးဖို့ တောင်း

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လက ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေ အတွင်း အစုလိုက် အသတ် ခံခဲ့ရသူတွေ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေး ခဲ့ကြ ရသူတွေထဲ ဟိန္ဒူဘာသာဝင် တွေလည်း ပါဝင်ခဲ့တယ် ဆိုတဲ့ အချက်ကို နိုင်ငံတကာက မျက်ကွယ်ပြု ထားတယ်လို့ မြန်မာ အစိုးရက ပြောနေခဲ့ပါတယ်။

ရိုဟင်ဂျာတွေ အပေါ် ပစ်မှတ်ထားတဲ့ ကျုးလွန်မှုတွေ ဆိုပြီး မြန်မာ အစိုးရနဲ့ စစ်တပ်အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာရဲ့ ဖိအားတွေ ကြီးကြီးမားမား ရှိနေချိန်မှာ အာဆာ အဖွဲ့ရဲ့ လုပ်ရပ်တွေ အပေါ်မှာတော့ နိုင်ငံတကာအနေနဲ့ အာရုံစိုက်ဖို့ ပျက်ကွက်တယ် ဆိုပြီး မြန်မာဘက်က အဓိက ကိုင်စွဲထားတဲ့ တုံ့ပြန် ချက် ဖြစ်ပါတယ်။

မောင်တော မြောက်ပိုင်းမှာ ဟိန္ဒူ အလောင်း ၂၈ လောင်း ရှာဖွေ တွေ့ရှိ

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
သတ်ဖြတ်မှုတွေ ဖြစ်ရာ မီဒီယာတွေ သွားလို့ရ

ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း သံအမတ် ဦးဟောက်ဒိုစွမ်းက ဒီ အချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြောခဲ့ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် အရေးနဲ့ ပတ်သက်လို့ အစီရင်ခံစာတွေ ထုတ်ပြန်ထားပြီး လုံခြုံရေးတပ်ဖွဲ့တွေ အပါအဝင် မြန်မာ အာဏာပိုင်တွေ အပေါ် ဝေဖန်မှုတွေ ပြုလုပ်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေထဲပါဝင်တဲ့ AI အဖွဲ့က အခု တခေါက်မှာတော့ ဟိန္ဒူတွေလည်း ရာနဲ့ချီ အသတ်ခံခဲ့ရပြီး ကျုးလွန်သူဟာ ရိုဟင်ဂျာ အာဆာ အဖွဲ့ဖြစ်တဲ့ အကြောင်း သက်သေ အထောက်အထားတွေ ရရှိ ထားတယ်လို့ ပြောလာတာပါ။

AI အဖွဲ့က လော်ရာဟေ့ဂ် ဆိုတဲ့ အမျိုးသမီးဟာ မြန်မာ့အရေး အထူးပြု သုတေသနလုပ်တဲ့သူ ဖြစ်ပြီး အခု အစီရင်ခံစာ ထုတ်ပြန်နိုင်ဖို့ ကိုယ်တိုင်ကွင်းဆင်း လေ့လာခဲ့သူပါ။ သူဘယ်တွေ သွားခဲ့လဲ၊ ဟိန္ဒူ အသိုင်းအဝိုင်း ဘက်က ဘာတွေ ထွက်ဆိုတာ ကြားသိခဲ့ရလဲ ဆိုတာက စပြောပြပါတယ်။

လော်ရာဟေ့ဂ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းတွေထဲ ရောက်နေတဲ့ ဟိန္ဒူ ဒုက္ခသည်တွေကို လူတွေ့မေးမြန်းတာတွေ လုပ်ခဲ့တာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက ဖြစ်ပြီး ရခိုင်ပြည်နယ်ထဲမှာတော့ လောလောလတ်လတ် ပြီးခဲ့တဲ့လကပဲ စုံစမ်းမှုတွေ ပြုလုပ် ခဲ့ပါတယ်။ တိုက်ခိုက်ခံရမှုထဲ အသက်မသေပဲ ကျန်ရစ်ခဲ့သူတွေနဲ့ရော၊ မိသားစုဝင်တွေနဲ့ပါ တွေ့ဆုံ ခဲ့တာပါ။ လူတွေ့မေးတာတွေ အကြိမ်ရေ ရာနဲ့ချီ ပြုလုပ်ခဲ့ပြီး အခု အစီရင်ခံစာဟာ အဲဒိ စုံစမ်းမှုတွေအပေါ် အခြေခံပြီး ထုတ်ပြန်တာ ဖြစ်ပါတယ်။

ဒုက္ခသည် ပြန်လက်ခံရေး ဟိန္ဒူတွေနဲ့ စတင်လာဖွယ်ရှိ

ဓာတ်ပုံ မူပိုင် Information Committee
Image caption ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း သံအမတ် ဦးဟောက်ဒိုစွမ်း

ဘီဘီစီ။ အဲဒီလို တွေ့ဆုံမှုတွေကနေ AI အဖွဲ့ အနေနဲ့ ဘာတွေ သိလာရသလဲ။

လော်ရာဟေ့ဂ်။ မောင်တောနယ် ခမောင်းဆိပ်ရွာမှာ ဟိန္ဒူ ၉၉ ယောက် အထိ အသတ်ခံခဲ့ရပြီး မောင်တောအပြင်ဘက် သီးခြားဖြစ်ရပ်တစ်ခုမှာလည်း အသတ်ခံရတဲ့ ဟိန္ဒူ ၆ ယောက် ရှိတယ် ဆိုတဲ့ အထောက်အထား သက်သေတွေကို မှတ်တမ်း တင်နိုင်ခဲ့ပါတယ်။ ကျူးလွန်သူတွေက အာဆာတွေလို့လည်း ကောက်ချက် ချနိုင်ပါတယ်။

ဘီဘီစီ။ ဟိန္ဒူတွေကို ရာနဲ့ချီ သတ်ဖြတ်ခဲ့သူတွေဟာ အာဆာအဖွဲ့ဝင်တွေ ဖြစ်တယ်ဆိုပြီး ဘာဖြစ်လို့ အတိအကျ ပြောနိုင်ရတာလဲ။

လော်ရာဟေ့ဂ်။ ထွက်ဆိုသူတွေရဲ့ ပုံဖော် ပြောပြချက်တွေဟာ မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တဲ့ အာဆာ အဖွဲ့ဝင်တွေရဲ့ အသွင်အပြင်တွေ၊ ကျွန်မတို့ မြင်ဖူးထားတဲ့ အာဆာအဖွဲ့ရဲ့ ဓာတ်ပုံတွေနဲ့ ကိုက်ညီနေပါတယ်။ ဒီလို ကိုက်ညီလို့ ဟိန္ဒူတွေကို သတ်ဖြတ်ခဲ့တာ အာဆာတွေပါလို့ ကျွန်မတို့ ကောက်ချက်ချ နိုင်တာပါ။

ဟိန္ဒူဘာသာဝင် သေဆုံးခဲ့တဲ့ ရဲဘော်ကျမှာ ဆက်လက်ရှာဖွေ

ဘီဘီစီ။ တိုက်ခိုက်လာသူတွေ အကြောင်း အသက်ရှင်ကျန်ရစ်တဲ့ မျက်မြင်တွေက ဘယ်လို ထွက်ဆိုကြသလဲ ဆိုတာ ပြန်ပြောပြပါလား။

လော်ရာဟေ့ဂ်။ တိုက်ခိုက်ခဲ့သူတွေဟာ ခေတ်မီလက်နက်တွေ တပ်ဆင် ထားကြသူတွေ မဟုတ်ဘဲ ဓားတွေ၊ တုတ်တွေကို အဓိက ကိုင်စွဲထားကြသူတွေ ဆိုပြီး သူတို့ ထွက်ဆိုကြတာတွေဟာ ကျွန်မတို့ သိထားနှင့်ပြီးတဲ့ အချက်နဲ့ ကိုက်ညီပါတယ်။ သေဆုံးခဲ့ရသူတွေရဲ့ ခန္ဓာကိုယ်တွေကို ပြန်လည်တူးဖော် ရရှိ ခဲ့ပြီးတဲ့နောက် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို မှုခင်း ဆရာဝန်ဆီပို့ပြီး မှတ်ချက် ရယူခဲ့ပါတယ်။ သူ့ရဲ့ ကောက်ချက်အရလည်း ဓားဒဏ်ရာနဲ့ သေဆုံးထားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Win Myat Aye
Image caption သတ်ဖြတ်မှုမှာ သေဆုံးတဲ့ ဟိန္ဒူတွေ အလောင်းကို ဒေါက်တာ ဝင်းမြတ်အေး သွားရောက်ကြည့်ရှု

ဘီဘီစီ။ အာဆာအဖွဲ့က ဟိန္ဒူတွေပေါ် ပစ်မှတ်ထား သတ်ဖြတ်တာမျိုး ဘာဖြစ်လို့ လုပ်ခဲ့တယ်လို့ AI အနေနဲ့ ယူဆလဲ။

လော်ရာဟေ့ဂ်။ ကျွန်မတို့ လေ့လာထားသရွေ့ အာဆာအဖွဲ့ဟာ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့တွေနဲ့ အဆက်သွယ်ရှိတယ်ဆိုတာကို ပြသတဲ့ အထောက်ထား တစုံတရာ ရှိမနေပါဘူး။ ဒါပေမယ့် သူတို့ဟာ မြန်မာ ရဲကင်းစခန်းတွေကို တိုက်ခိုက် ခဲ့တယ် ဆိုတာ အငြင်းပွား စရာ မရှိသလို၊ ဟိန္ဒူတွေကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သက်သေတွေလည်း ရထားပါပြီ။

AI အဖွဲ့က မြန်မာ့အရေး သုတေသီ လော်ရာဟေ့ဂ် ဖြစ်ပါတယ်။

မောင်တောမှာ ဟိန္ဒူဘာသာဝင်တချို့ သတ်ဖြတ်ခံရ

ဓာတ်ပုံ မူပိုင် STR
Image caption ငိုကြွေးနေကြတဲ့ ဆွေမျိုးတွေ

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ နှောင်းပိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း ခမောင်းဆိပ် ကျေးရွာအုပ်စုဝင် ၊ ရဲဘော်ကျရွာအနီးမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ် မြှုပ်နှံ ခံထားရတဲ့ အလောင်း ၅ဝ နီးပါးကို တွေ့ရှိ လာခဲ့ကြတာကနေ ဟိန္ဒူ ဘာသာဝင်တွေ ပစ်မှတ်ထား သတ်ဖြတ်ခံခဲ့ရတယ် ဆိုတဲ့ အချက်ကို မြန်မာပြည်တွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် သိလာရတာ ဖြစ်ပါတယ်။

အာဆာ အနေနဲ့ အရပ်သားတွေ အပေါ် ပစ်မှတ်ထား တိုက်ခိုက်တဲ့ လုပ်ရပ်ဟာ ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက် ခံနေရလို့ ဆိုတဲ့ အကြောင်းပြချက်မျိုး ပေးလို့ မရနိုင်ဘူးလို့ AI အဖွဲ့က ဆိုပါတယ်။

ဟိန္ဒူအလောင်း ၁၇ လောင်း ထပ်မံတွေ့ရှိ

တစ်ဘက်ဘက်က ကျူးလွန်တဲ့ အခွင့်ရေးချိုးဖောက်မှုတွေကို လက်ညှိုးထိုးပြီး နောက်တစ်ဘက်ကလည်း အလားတူ ချိုးဖောက်တာမျိုး လုပ်မယ်ဆို နှစ်ဘက်စလုံးကို ရှုတ်ချ ပြစ်တင်ရမှာ ဖြစ်တယ်လို့လည်း AI အဖွဲ့က ထောက်ပြ ထားပါတယ်။