ခရီးလမ်း သိခွင့်ရဖို့ Grab ကို ယာဉ်မောင်း တွေ တောင်းဆို

ဓာတ်ပုံ မူပိုင် Reuters
Image caption လူသုံးများတဲ့ ကုမ္ပဏီ တခု ဖြစ်

ရန်ကုန်မှာ မောင်းနေတဲ့ တက္ကစီ ယာဉ်မောင်းတွေက သူတို့ရဲ့ လုပ်ဖော် ကိုင်ဖက် Grab ကုမ္ပဏီနဲ့ ပတ်သတ်လို့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး သူတို့ရဲ့ ရပိုင်ခွင့်တွေကို တောင်းဆိုခဲ့ ပါတယ်။

လက်ရှိမှာ ယာဉ်မောင်းတွေရဲ့ သုံးစွဲနေတဲ့ Grab Application က လမ်းကြောင်းကို လက်မခံခင် မှာ သွားမယ့် ခရီးစဉ်ကို မသိသလို၊ ယာဉ်မောင်း ဘက်က ခရီးစဉ်ကို ဖျက်ခွင့်မရှိတာ တွေဖြစ်တယ်လို့ ဖဲကြိုးဖြူ လှုပ် ရှားမှု လုပ်နေတဲ့ ယာဉ်မောင်းတွေက ဆိုပါတယ်။

ဒါကြောင့် သူတို့ရဲ့ မူလ ရပိုင်ခွင့်ဖြစ်တဲ့ ခရီး လမ်းကြောင်းကို သိပြီး၊ လိုက်မယ် မလိုက်ဘူး ရွေးချယ်ပိုင်ခွင့်နဲ့ သူတို့ရဲ့ အသက်အာမခံ လုံခြုံရေးထားမှုနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို သိပိုင်ခွင့် တောင်းဆို နေတာ ဖြစ်ကြောင်း ဖဲကြိုးဖြူ လှုပ်ရှားမှုမှာ ဦးဆောင်နေတဲ့ ကိုဇာနည်ထွန်းက ဘီဘီစီကို ပြောပါတယ်။

Grab Myanmar အငှားတက္ကစီဝန်ဆောင်မှု ကုမ္ပဏီ ဟာ ရန်ကုန်မြို့မှာ လူသုံးများတဲ့ ကုမ္ပဏီ တခု ဖြစ်ပါတယ်။

တက္ကစီသမားတွေဘက်က သူတို့ရဲ့ အခြေခံအခွင့်အရေးနဲ့ပတ်သတ်ပြီး ဒီလို တောင်းဆိုနေတာနဲ့ ပတ်သတ်လို့ Grab Myanmar ကုမ္ပဏီဘက်ကို ဘီဘီစီက ဆက်သွယ် မေးမြန်း ရာမှာတော့ အီးမေးလ် နဲ့ပဲ ပြန်ကြား ခဲ့ပါတယ်။

ခရီးသည်တွေသွားလိုတဲ့နေရာနဲ့ ဈေးနှုန်းကြောင့် ယာဉ်မောင်းတွေက ခရီးစဉ်ဖျက်လိုက်ဖို့ လက်မခံဖို့ အားမပေးလိုတဲ့ အတွက် Grab ဖက်က စည်းမျဉ်းထုတ်ခဲ့ရတာဖြစ်ပြီး၊ ယာဉ်မောင်းတွေ အနေနဲ့ ကိုယ်လိုက်ပို့ချင်တဲ့ ခရီးစဉ်တွေကိုပဲ ရွေးချယ်ပြီး သွားလို့ မရအောင် ဘယ်ခရီးစဉ်ဖြစ်ဖြစ် ညီတူညီမျှ လက်ခံပေးအောင် ရည်ရွယ်ချက် ဖြစ်တယ်လို့ တာဝန်ရှိသူ တယောက်က ပြန်လည် ဖြေကြား ခဲ့ပါတယ်။

Grab ယာဉ်မောင်းတွေ တောင်းဆိုထားတဲ့ အာမခံကိစ္စမှာ ပွင့်လင်း မြင်သာ သိပိုင်ခွင့်နဲ့ ပတ်သတ်လို့လည်း နိုင်ငံတကာ အာမခံ ပေါ်လစီအရ Grab ရဲ့ တကိုယ်ရေ ထိခိုက်မှု အာမခံက မိတ်ဖက် ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေအတွက် ဆေးကုသစရိတ်၊ မသန်စွမ်းဖြစ်ခဲ့ရင် ဒါမှမဟုတ် မတော်တဆ သေဆုံးတာတွေရှိခဲ့ရင် လျော်ကြေး ထုတ်ပြန်ပေးထားတယ်လို့ ဖြေကြားပါတယ်။

သူတို့ ကုမ္ပဏီက ထုတ်ပြန် ထားတာတွေကိုလည်း ကိုယ်ပိုင် website စာမျက်နှာ ဖော်ပြ ထားပြီး Grab ယာဉ်မောင်းတွေ သွားရောက် ဖတ်ရှု နိုင်ပါကြောင်း ကိုလည်း ကုမ္ပဏီ ဘက် က ပြောပါတယ်။

တက္ကစီ သမားတွေဘက်က သူတို့တောင်းဆိုနေတဲ့ အခွင့်အရေးတွေရဖို့အတွက် ဖဲကြိုးဖြူလှုပ်ရှား နဲ့ Grap စတစ်ကာ တွေ အပေါ်မှာ နောက်ထပ် စတစ်ကာ တွေ ထပ်မံ ကပ်ထား တဲ့ လှုပ်ရှားမှု လုပ်နေတာ အခုဆို ရင် တပတ်လောက်ရှိပါပြီ။

တက္ကစီ သမားတွေ ဘက် ကတော့ သူတို့ ရပိုင်ခွင့်တွေ ရတဲ့အထိ ဆက်လက် တောင်းဆိုသွားမှာဖြစ်တယ်လို့ ဦးဆောင်သူ ကိုဇာနည်ထွန်းက ပြောခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကလစ် နည်းပညာအစီအစဉ်

ဆက်စပ် အကြောင်းအရာများ