ရိုက်တာသတင်းထောက် ဖုန်းထဲက စာရွက်စာတမ်းတွေ သက်သေအဖြစ် တရားရုံး လက်ခံ

ရိုက်တာသတင်းထောက် ၂ ယောက်ရဲ့ဖုန်းထဲတွေ့ရှိတဲ့ စာရွက်စာတမ်းတွေထဲကနေ တင်ပြလာတဲ့ စာရွက်စာတမ်း ၂၁ ရွက်ကို မနေ့က ရုံးချိန်းမှာ ဖုန်းတွေထဲက မူရင်း ဓာတ်ပုံတွေနဲ့ တိုက်ဆိုင် စစ်ဆေးပြီး သက်သေအဖြစ် တရားရုံးက လက်ခံခဲ့ပါတယ်။

အယောက် ၂၀ မြောက် တရားလိုပြ သက်သေဖြစ်တဲ့ ရဲမှုခင်းတပ်ဖွဲ့ နည်းပညာ မှုခင်းဌာနက ရဲမှူး အောင်ကျော်ဆန်းက ဒီစာရွက်စာတမ်းတွေကို သက်သေအဖြစ် တရားရုံးမှာ တင်ပြခဲ့ရာမှာ မူလ ဖုန်းထဲက စာရွက် စာတမ်းတွေနဲ့ ကိုက်ညီမှုရှိလို့ ဆိုပြီး လက်ခံခဲ့တာ ဖြစ်ပါတယ်။

သတင်းထောက်နှစ်ယောက်ရဲ ဖုန်းတွေထဲမှာ ဓာတ်ပုံသောင်းချီရှိနေလို့ ရွေးချယ် တင်ပြလာတဲ့ စာရွက်စာတမ်း ၂၁ ရွက်ကို ဖုန်းထဲကနေ ဘယ်လိုပုံစံနဲ့ ရှာဖွေ ထုတ်ယူခဲ့တယ် ဆိုတာကိုလည်း ရဲမှူးအောင်ကျော်ဆန်းက သက်သေ ထွက်ဆို သွားတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဖုန်းထဲက စာရွက်စာတမ်းတွေ ဘယ်လိုရရှိခဲ့လဲဆိုတာ သတင်းထောက် တွေ ကိုယ်တိုင်မသိတာကြောင့် မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ သူတို့ရဲ့ ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါ တယ်။

တင်ပြလာတဲ့ မှတ်တမ်းပုံတွေဟာ ရိုက်ကူးထားတဲ့ ဓာတ်ပုံအယ်ဘမ်ထဲက ဓာတ်ပုံတွေ မဟုတ်ဘဲ Facebook မက်ဆင်ဂျာထဲကဓာတ်ပုံတွေ ဖြစ်နေတာကို တွေ့ရတယ်လို့ သူက ဆိုပါတယ်။

ဒီစာရွက်စာတမ်းတွေဟာ သူတို့ကိုယ်တိုင် ဖန်တီးထားတဲ့ဟာတွေ မဟုတ်ဘူးလို့ သတင်းထောက် ကိုဝလုံးက ပြောပါတယ်။

တရားလိုပြသက်သေအားလုံးကို စစ်ဆေးပြီးချိန်မှာတော့ သတင်းထောက် ၂ ယောက်ရဲ့ အမှုကို စွဲချက်တင်သင့်မသင့် လျှောက်လဲသွားရမယ်လို့လည်း ရှေ့နေ တွေက ပြောဆိုပါတယ်။

ဆက်လက်စစ်ဆေးဖို့ ကျန်ရှိနေသေးတဲ့ တရားလိုပြသက်သေ ၃ ဦးဟာလည်း ရဲဝန်ထမ်းတွေချည်းပဲလို့ သိရပါတယ်။

ရိုက်တာသတင်းထောက် ၂ ယောက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက် က ဖမ်းဆီးခဲ့ပြီး လျှို့ဝှက်အက်ဥပဒေနဲ့ တရားစွဲဆိုခဲ့တာ ၅ လ နီးပါး ကြာမြင့်လာပြီဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ