အချုပ်ထဲမှာ လူကြီးနဲ့ကလေး ရောမချုပ်ဖို့ လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း

ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption လူ့အခွင့်အရေးကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲ တခု

ရဲအချုပ်ခန်းတွေမှာ အသက် မပြည့်သေးတဲ့ ကလေးတွေကို လူကြီးတွေနဲ့ ရောပြီး ချုပ်နှောင်တာမျိုး မပြုလုပ်ဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာနကို တိုက်တွန်းလိုက် ပါတယ်။

ငှက်အော်စမ်းနဲ့ သန်လျင်လူငယ်သင်တန်းကျောင်းတွေက လူငယ် ၁ဝဝ ကျော်နဲ့ လူ့အခွင့်အရေး ကော်မရှင်တို့ တွေ့ဆုံခဲ့ပြီးတဲ့နောက် ကော်မရှင်က အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

ကလေးတွေနဲ့ တွေ့ဆုံစဉ်မှာ မေးမြန်းခဲ့ရာမှာ စတင် စွပ်စွဲခံရပြီးတဲ့နောက် ရဲစခန်းမှာ ချုပ်ထားစဉ် လူကြီးနဲ့ ရောထားသလို လူကြီးတွေနဲ့ အတူ ချုပ်ထားစဉ်မှာ ရဲတပ်ဖွဲ့ဝင် တချို့က နောက်ဆက်တွဲ သတင်းလိုချင်တာကြောင့် ကလေးတွေကို ရိုက်နှက် တာတွေ ရှိတယ်လို့ လူငယ်ပြုပြင်ရေး စခန်း တွေဆီ ကိုယ်တိုင် သွားခဲ့တဲ့ လူ့အခွင့်အရေး ကော်မရှင် ဒုဥက္ကဌ ဦးစစ်မြိုင်က ဘီဘီစီကို ပြောပါတယ်။

ကလေးသူငယ် ဥပဒေအရ လူကြီးတွေနဲ့ ရောမထားရသလို ဒီလို ရိုက်နှက်လို့ မရဘူး လို့လည်း သူက ဆိုပါတယ်။

ဒီလို ရိုက်နှက်မှုတွေဟာ ကလေးရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ထိခိုက်တာကြောင့် ပြည်ထဲရေးဝန်ကြီးဌာနကို အကြောင်းကြားရတာလို့ ဦးစစ်မြိုင်က ပြောပါတယ်။

သွားရောက်တွေ့ဆုံတဲ့ကလေးတွေထဲမှာ လက်နဲ့ အရိုက်ခံရတာ ခြေထောက်နဲ့ အကန်ခံရတာ ၁၉ ယောက်အထိ ရှိတယ်လို့လည်း လူ့အခွင့်အရေး ကော်မရှင် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် အရိုက်ခံရတာနဲ့ ပတ်သက်လို့ ကလေးရဲ့ထွက်ဆိုချက်ပဲ ရှိသလို ကာလအားဖြင့် တနှစ်ကျော် ကြာသွားပြီ ဖြစ်တာကြောင့် သက်သေပြန်ထူဖို့က အခက်အခဲရှိတယ်လို့ ဦးစစ်မြိုင် ဆိုပါတယ်။

ပြစ်မှုတစုံတရာ သံသယရှိတဲ့ ကလေးတွေကို ချုပ်ထားဖို့ အခန်းတခန်း စီစဉ်ပေးရမှာ ဖြစ်ပြီး ဒီကိစ္စက ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ သက်ဆိုင်တာကြောင့် လူ့အခွင့်အရေး ကော်မရှင်က ဒီကိစ္စကို တိုက်တွန်း အကြံပြုတာလို့ သူက ပြောပါတယ်။

လက်ရှိ ကလေး သူငယ်ဥပဒေအရ အသက် ၁၆နှစ်အောက်ကို ကလေးအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။