ကေအန်ယူနယ်မြေက တပ်မတော်တပ်ဖွဲ့တချို့ပြန်ရုပ်

ကေအန်အယ်အေတပ်မဟာ ၅ တပ်ဖွဲ့ဝင်တချို့ ဓာတ်ပုံ မူပိုင် Saw Yan Naing
Image caption ကေအန်အယ်အေတပ်မဟာ ၅ တပ်ဖွဲ့ဝင်တချို့

ကားလမ်းဖောက်ဖို့ ကရင်ပြည်နယ်ဖာပွန်ခရိုင်က ခေးပူနဲ့လယ်မူပလောဒေသမှာ တိုးချဲ့ချထားတဲ့ အစိုးရတပ်သားတွေထဲက နှစ်ရာလောက်ဟာ မေလ ၂၂ ရက်နေ့က စတင်ပြန်ရုပ်နေပြီလို့ ကရင် အမျိုးသားအစည်းအရုံး ကေအန်ယူရဲ့ တပ်မဟာ ၅ အရာရှိတဦးက ပြောပါတယ်။

မကြာခင်က ရန်ကုန်မြို့မှာ ကေအန်ယူခေါင်းဆောင်နဲ့ မြန်မာ့တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံပြီး တပ်မတော်အကြီးအကဲက တပ်တွေပြန်ရုပ်ပေးပြီး ကားလမ်းဖောက်လုပ်တာကို ယာယီရပ်စဲပေးမယ်လို့ ကတိပေးခဲ့ပြီးတဲ့နောက်မှာ အခုလိုတိုးတက် ပြောင်းလဲမှုတွေ ရှိလာတာပါ။

ကေအန်ယူတပ်မဟာ ၅ ထိန်းချုပ်နယ်မြေက ခေးပူနဲ့လယ်မူပလောဒေသမှာ ကားလမ်းဖောက် ဖို့ပို့ထားတဲ့ စက်ယန္တရားတွေရော လုံခြုံရေးအတွက်နေရာချဖြန့်ထားတဲ့ တပ်ဖွဲ့တွေကိုလည်း တပ်မတော်စစ်ကြောင်းက ပြန်စုနေပြီလို့ ကေအန်ယူတပ်မဟာ ၅ က နယ်မြေခံအရာရှိ ဗိုလ်မှူး စောကလယ်ဒို ကပြောပါတယ်။ ပြန်ဆုတ်မယ့်တပ်မတော်တပ်ဖွဲ့တွေကို ကေအန်ယူတပ်ဖွဲ့ဝင်တွေ နှောက်ယှက်ပစ်ခတ်တာတွေ မလုပ်ဖို့သက်ဆိုင်ရာနယ်မြေခံတပ်မှူးတွေ ကိုလည်း ညွှန်ကြားထား တယ်လို့ သူကပြောပါတယ်။

ဒါပေမဲ့တပ်မတော်တပ်ဖွဲ့ဝင်တွေအားလုံးပြန်မဆုတ်သေးတဲ့အတွက် ထွက်ပြေးသွားတဲ့ရွာသား တွေလည်းရွာမပြန်ရဲကြသေးဘူးလို့ ဗိုလ်မှူးစောကလယ်ဒိုက ပြောပါတယ်။

ယာယီပဲဆိုတော့ ဆက်လုပ်မယ့်အနေအထားမှာရှိတယ်။ ဒါပေမဲ့ယာယီရပ်ထားတဲ့ကာလမှာတော့ ကျွန်တော်တို့ နှစ်ဖက်တွေ့ဆုံပြီးတော့ ညှိနှိုင်းဖို့တော့လိုအပ်မယ်။ အဲလိုညှိနှိုင်းတဲ့အခါကျမှာ ကျွန်တော်တို့ဘက်က ကားလမ်းဖောက်တာလက်မခံနိုင်တဲ့အကြောင်းကို ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသားပြောမယ်လို့ စဉ်းစားထားတယ်လို့ ဗိုလ်မှူးစောကလယ်ဒို က ပြောပါတယ်။

ကေအန်ယူထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တပ်မတော်အရာရှိတွေတွေ့ဆုံပြီးနောက်မှာ တပ်မတော် က ထွက်ပြေးသွားတဲ့ရွာသားတွေ ပြန်လာနေထိုင်နိုင်ဖို့အတွက် ကားလမ်းဖောက်လုပ်တာကို ယာယီရပ်စဲမယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

ကရင်ပြည်နယ်ဖာပွန်မြို့နယ်က ခေးပူနဲ့လယ်မူပလော ဒေသမှာ ဖောက်မယ့်ကားလမ်းကြောင့် တပ်မတော်က တပ်အင်အားတိုးချဲ့လာတဲ့အတွက် မတ်လအစောပိုင်းက ကေအန်ယူ တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ရွာသား ၂၀၀၀ ကျော်ထွက်ပြေးပုန်းရှောင်ခဲ့ ရပါတယ်။

တပ်မတော်က ပထမအနေနဲ့ တပ်အင်အားရုပ်သိမ်းပြီးမှ စက်ယန္တရားကိုပြန်ပို့မယ်လို့ ကေအန်ယူထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ပြောပြချက်အရသိရကြောင်း ဗိုလ်မှူးစောကလယ်ဒို ပြောပါတယ်။ ဒါပေမဲ့ ကေအန်ယူတပ်မဟာ ၅ တပ်ဖွဲ့နဲ့ အစိုးရတပ်ဖွဲ့တွေအကြားတင်းမာမှုတွေ ပြေလည်ဖို့နဲ့ ထွက်ပြေးသွားတဲ့ရွာသားတွေ ရွာပြန်လာနေထိုင်ပြီး လုံခြုံစွာလုပ်ကိုင်စား သောက်နိုင်ဖို့အတွက်ဆိုရင် တိုးချဲ့ချထားတဲ့တပ်ဖွဲ့တွေအားလုံးကို ပြန်ရုပ်ပေးဖို့လိုတယ်လို့ ဗိုလ်မှူးစောကလယ်ဒိုက ပြောပါတယ်။