စစ်တပ်အရာရှိ ဇနီး နှိပ်စက်လို့ အိမ်ဖော် သေဆုံး

ဓာတ်ပုံ မူပိုင် Ko Peter Phyo
Image caption မိဘမဲ့သွားကြပြီဖြစ်တဲ့ မကရင်မရဲ့ သားသမီး ၄ ယောက်

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာ တပ်ရင်း အရာရှိ ရိပ်သာမှာ နေတဲ့ အမျိုးသမီး တစ်ယောက်က အိမ်ဖော် အမျိုးသမီးကို နှိပ်စက်ခဲ့လို့ သေဆုံးခဲ့မှုအတွက် တွံတေးရဲစခန်းက ကျူးလွန်သူကို ဖမ်းဆီး အမှုဖွင့်လိုက် ပါတယ်။

အဲဒီ အမျိုးသမီးက ဗိုလ်မှူးတစ်ယောက်ရဲ့ ဇနီး ဒေါ်သိင်္ဂီစု ဆိုသူဖြစ်ပြီး သူကိုယ်တိုင်က ဥပဒေ အရာရှိ ဖြစ်ပါတယ်။

အိမ်ဖော် လုပ်သူ ကတော့ ရန်ကုန်တိုင်း တွံတေးမြို့နယ် ခတ္တိယအုပ်စု အုတ်ဖိုရွာမှာ နေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် မကရင်မ ခေါ် မခင်စန္ဒာနန်းဦး ဖြစ်ပါတယ်။

ဗိုလ်မှူးရဲ့ဇနီးက သူ့ဆွဲကြိုး ပျောက်တဲ့ကိစ္စမှာ မကရင်မကို နှိပ်စက် မေးမြန်းပြီး လက်လွန် သွားတဲ့ အတွက် နေမကောင်းလို့ အိမ်ပြန် ပို့တာ ဆိုပြီး မကရင်မရဲ့ နေအိမ်ကို သူကိုယ်တိုင် မေလ ၁၉ ရက်က ပြန်ပို့ခဲ့ ပါတယ်။

အိမ်ရောက်တဲ့အခါ မကရင်မက ဒေါ်သိင်္ဂီစုကို လက်ညိုးထိုးပြီး သူ့ကို ရိုက်နှက်တယ်၊ ကျောက်ပြင်နဲ့ထုတယ်၊ ထမင်းလည်း မကျွေးဘဲထားတယ်၊ ဆေးရုံကိုပို့ပေးပါ၊ ကယ်ပါလို့ ပြောတဲ့ အတွက် ပတ်ဝန်းကျင်က ဆေးရုံပို့ဖို့ ပြင်နေချိန်မှာ မကရင်မ သေဆုံးသွားခဲ့တာပါ။

ဒါကြောင့် အင်းတိုင် တပ်ကို ပြန်သွားနေတဲ့ ဒေါ်သိင်္ဂီစုကို ထန်းတပင် မြို့ဝင်ကြေး ကောက်တဲ့ ဂိတ်မှာ အာဏာပိုင်တွေက ဖမ်းဆီးပြီး ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂ လူသတ်မှုနဲ့ အမှုဖွင့်ပြီး တွံတေး ခလောက်ချိုင့် ရဲစခန်းမှာ ချုပ်နှောင် ထားပါတယ်။

သေဆုံးသွားတဲ့ မကရင်မရဲ့ ကျန်ရစ်တဲ့ သားသမီးတွေက ငယ်ရွယ်တဲ့ ကလေးတွေ ဖြစ်နေလို့ ဖြစ်ပျက်ပုံကို ရေရေရာရာ မပြောနိုင်ကြောင်းနဲ့ မကရင်မ မသေဆုံးခင် ပြောပြတဲ့ အချိန် အနားမှာ ရှိနေခဲ့တဲ့ ရာအိမ်မှူးက တရားလို လုပ်ပြီး အမှုကို တိုင်တန်းခဲ့တယ်လို့ မိသားစုကို ကူညီပေး နေတဲ့ ကိုပီတာက ပြောပါတယ်။

အမှုအတွက် အခမဲ့ ရှေ့နေလိုက်ပါ ဆောင်ရွက်ပေးနိုင်ဖို့လည်း ချိတ်ဆက် စီစဉ် ပေးထားတယ်လို့ သူက ပြောပါတယ်။

သေဆုံးသွားတဲ့ မကရင်မဟာ လွန်ခဲ့တဲ့ ၄ နှစ်က ခင်ပွန်းသည်ဆုံးပြီးနောက် ကလေး ၄ ယောက်ကို သူ့ညီမနဲ့ အပ်ခဲ့ပြီး အင်းတိုင်တပ်ထဲမှာ အိမ်ဖေါ် အလုပ်လုပ် သွားလုပ်ခဲ့တာ ၆ လ ရှိပါပြီ။

ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ဇင်ဦး ကလည်း အမှုကို မျက်ခြေမပြတ် စောင့်ကြည့်နေ ကြောင်းနဲ့ အမှုကို ဥပဒေအတိုင်း ဖြစ်အောင် ကူညီပေးနေပြီး မကရင်မရဲ့ ကျန်ရစ်တဲ့ ကလေးတွေကို ကူညီနိုင်ဖို့လည်း လုပ်ဆောင် နေတယ်လို့ ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ