မြန်မာအပေါ် ဖိအားပေးဖို့ ကန်အောက်လွှတ်တော် ဥပဒေတခု အတည်ပြု

ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeoနဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက လွှတ်တော်အမတ် Eliot Engel

လူ့အခွင့်အရေးတွေ တိုးတက် ကောင်းမွန်လာစေဖို့ ဆိုပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော် ကိုယ်စားလှယ်တွေက ဥပဒေတခုကို အတည်ပြုပါတယ်။

အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်ဖို့ လွှတ်တော်အမတ် ၃၈၂ ဦးက ထောက်ခံမဲပေးခဲ့တာ ဖြစ်ပါတယ်။

ဥပဒေကို ပြင်ဆင်ချက်ကို အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက လွှတ်တော်အမတ် Eliot Engelက စတင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်အတွင်း အမေရိကန် အထက်နဲ့ အောက်လွှတ်တော် ၂ ရပ်လုံးက ဒီဥပဒေကို အတည်ပြုမယ် ဆိုရင် မြန်မာရဲ့ လူ့အခွင့်အရေး တိုးတက်မှုမရှိသရွေ့ အမေရိကန်က စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ၊ လုံခြုံရေးနဲ့ ပတ်သက်တဲ့ အကူအညီတွေ မြန်မာကို ပေးတော့မှာ မဟုတ်ပါဘူး။

ဒါအပြင်လက်ရှိနဲ့ အရင် စစ်ဘက်ဆိုင်ရာ အရာရှိတွေအပေါ်ကိုလည်း ပိတ်ဆို့ ဒဏ်ခတ် အရေးယူမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ဒုက္ခသည်တွေ အများအပြား ခိုလှုံခဲ့ကြရပါတယ်။

ဒီပဋိပက္ခအတွင်း မြန်မာစစ်တပ်ရဲ့ စစ်ရေးအရ တုံ့ပြန်ဆောင်ရွက်ချက်တွေဟာ လူမျိုးစု ရှင်းလင်းရေး မြောက်တယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။

မြန်မာစစ်တပ် ကတော့ ဒါကို ငြင်းဆိုထားပါတယ်။

ဆက်စပ် အကြောင်းအရာများ