စစ်တပ်လည်း အကျိုးရှိနေသလား ဆိုတာ ယူကေဘက်က အဓိက ဆန်းစစ်မယ်

Image caption ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေကိုတော့ ထိခိုက်စေမှာ မဟုတ်

မြန်မာနိုင်ငံကို ပေးနေတဲ့ အကူအညီ အထောက်အပံ့တွေ လျှော့ချမယ် ဆိုရင်တောင်၊ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာတော့ အထိအခိုက် ခံမှာ မဟုတ်ဘူးလို့ ယူကေပါလီမန် နိုင်ငံတကာ ဖွံ့ဖြိုးရေး ကော်မတီဝင် ပေါလ် စကာလီက ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံကို ပေးနေတဲ့ တစ်နှစ်ကို ပေါင်း သန်း ၁ဝဝ ဝန်းကျင်ဖိုး အကူအညီတွေကို အသေအချာ ပြန်လည် စိစစ် သုံးသပ်သင့်တယ် ဆိုပြီး မစ္စတာ စကာလီ ပါဝင်တဲ့ ကော်မတီက အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ထားပါတယ်။

အဲဒီ အစီရင်ခံစာထဲ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ဒုက္ခသည် အရေးနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရ အပေါ် အပြင်းအထန် ဝေဖန် ထားပါတယ်။

Image caption မြန်မာသွေးပါလို့ ဂုဏ်ယူသူ ပေါလ် စကာလီ

ယူကေရဲ့ အားပေး ကူညီမှု ရနေတဲ့ ကဏ္ဍတွေမှာ မြန်မာ စစ်တပ် စီးပွားရေး အရ အကျိုးအမြတ် ရှိနေလား ဆိုတာ အဓိက စိစစ် သွားမယ်လို့ မစ္စတာ စကာလီက ဆိုပါတယ်။

ယူကေက ပေးနေတဲ့ နိုင်ငံဖွံ့ဖြိုးရေး အစီအစဉ်ရဲ့ အစိတ်အပိုင်း အနေနဲ့ မြန်မာ နိုင်ငံကို ပေးနတာ တစ်နှစ်ကို ပေါင် သန်း ၁ဝဝ ဝန်းကျင် ရှိတယ် လို့ ဆိုပါတယ်။

ဗြိတိန် မြန်မာအကူကို ပြန်သုံးသပ်ဖို့ အမတ်တွေ တောင်းဆို

USAID အကူအညီ သက်ရောက်မှု ဘာဖြစ်လာမလဲ

ဒါပေမယ့် မြန်မာအစိုးရကို တိုက်ရိုက် ပေးတာမျိုး ယူကေကနေ မလုပ်တော့တာ အချိန်အတန်ကြာ ရှိနေပြီ ဖြစ်ပြီး လက်ရှိ ပေးနေတဲ့ အကူအညီတွေ ဆိုတာ မြန်မာနိုင်ငံထဲ လှုပ်ရှားနေတဲ့ NGO နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို ပေးနေတာ ဖြစ်တယ်လို့ နားလည် ရပါတယ်။

လက်ရှိ ယူကေ နိုင်ငံက ပေးနေတဲ့ အကူအညီတွေဟာ မြန်မာနိုင်ငံထဲက ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ အာရုံစိုက်နေသလို၊ လွှတ်တော် လုပ်ငန်းတွေ ကျွမ်းကျင်စွာ လုပ်ဆောင် နိုင်ရေး ကိစ္စတွေမှာလည်း လေ့ကျင့် ပေးနေတဲ့ အစီအစဉ်တွေ ရှိတယ်လို့ မြန်မာသွေးပါသူလို့ ဂုဏ်ယူစွာ ပြောလေ့ရှိတဲ့ ကွန်ဆာဗေးတစ် ပါတီဝင် မစ္စတာ စကာလီက ဆိုပါတယ်။

Image caption အစိုးရယန္တရား စွမ်းရည်မြှင့်ပေးရေး အစီအစဉ်တွေမှာလည်း ယူကေက ကူညီနေ

လူ ၆ သိန်း ၇ သိန်း လောက် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး ခဲ့ရတဲ့ အခြေအနေပေါ် မြန်မာအစိုးရ အဖွဲ့ထဲ ဘယ်သူမှ တာဝန်ယူ ပြောဆို တာမျိုး မရှိဘူးလို့ ပေါလ်စကာလီက ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ဝေဖန်သွားပါတယ်။

"လူတွေ အသတ်ခံခဲ့ရတယ်၊ မုဒိန်းကျင့် ခံခဲ့ရတယ်၊ ထွက်ပြေးတော့ နယ်ခြားမှာ ထောင်ထားတဲ့ မိုင်းတွေနင်းမိတဲ့ သူတွေ ရှိတယ်၊ ကျနော် ဒုက္ခသည် စခန်းတွေထဲ ကိုယ်တိုင်ရောက်ပြီး မျက်စိနဲ့ တွေ့ခဲ့ရတာ၊ ဒေါ်အောင်ဆန်းစုကြည် စွမ်းဆောင် နိုင်ခဲ့တာတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာ အရေးမှာတော့ သူ့အနေနဲ့ ဒီထက်ပို လုပ်ဆောင် ပေးသင့်တယ်လို့ ကျနော်တို့ ကော်မတီ အနေနဲ့ ယူဆတယ်" လို့ မစ္စတာ စကာလီက ဆိုပါတယ်။

ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ကနေ စစ်ဆေးနိုင်ဖို့ ယူကေ အစိုးရ အပါအဝင် တခြား မဟာမိတ် နိုင်ငံတွေ စုပေါင်းပြီး လုပ်ဆောင်ကြပါလို့လည်း ယူကေပါလီမန်ရဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး ကော်မတီက သူတို့ အစီအရင်ခံစာထဲ တိုက်တွန်း ထားပါတယ်။

ICC ကို တင်ဖို့ ဆိုတာ လုံလောက်တဲ့ သက်သေ အထောက်အထားတွေ စုဆောင်း နိုင်ဖို့လိုတယ်၊ သူ့ အနေနဲ့ကတော့ လက်တွေ့ ဒုက္ခသည်တွေ ခံစားနေရတဲ့ အဆင်မပြေမှုတွေ အခက်အခဲတွေကို ကူညီ ဖြေရှင်းနိုင်ရေး အပေါ် အဓိက အာရုံစိုက်ချင်တယ်လို့ ပေါလ်စကာလီက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဖွံ့ဖြိုးရေး အကူအညီပေးတဲ့ ယူကေ အမတ်အဖွဲ့ ပြည်ဝင်ခွင့် မရ