ပြည်သူ့စစ် ဦးဆောင်ပြီး ဘိန်း ပိဿာ ၅၀၀ ဖမ်း

ဓာတ်ပုံ မူပိုင် U Nay Zaw
Image caption ဘိန်းစိမ်းအိတ်တွေထဲမှာ တအိတ်ကို ဘိန်းပိဿာချိန် ၂ဝ စီလောက် ပါဝင်

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စမ်မြို့နဲ့ မိုင် ၂၀ ကျော်ဝေးတဲ့ မိုင်းစိတ်ဒေသမှာ မတ်ကျန်း ပြည်သူ့စစ်နဲ့ နယ်မြေခံ စစ်တပ်တို့ပူးပေါင်းပြီး မေလ ၂၄ ရက်က စစ်ဆေးခဲ့ရာမှာ ဘိန်းစိမ်း ပိဿာ ၅ဝဝ ကျော် ဖမ်းဆီးရမိခဲ့ပါတယ်။

မိုင်းစိတ်ဒေသက နောင်စန့်ရွာနားမှာ မေလ ၂၄ ရက် မနက် ၁၀ နာရီလောက်က ကားနှစ်စီးကို စစ်ဆေးရေးအဖွဲ့က တားဆီးစစ်ဆေးခဲ့ရာမှာ ဘိန်းစိမ်း ဆာလာအိတ် ၂၆ လုံး နဲ့ ပအိုဝ်းအမျိုးသား ၇ ဦးကို ဖမ်းဆီးရမိ ခဲ့တယ်လို့ မျက်မြင်တဦးဖြစ်တဲ့ နမ့်စမ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးနေဇော်နိုင်က ပြောပါတယ်။

အဲဒီ ဘိန်းစိမ်းအိတ်တွေထဲမှာ တအိတ်ကို ဘိန်းပိဿာချိန် ၂ဝ စီလောက် ပါဝင်တာပါ။

ဖမ်းမိတဲ့ ကားတွေထဲမှာ ပအိုဝ်းနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတခုရဲ့ ကားနာမည်ဖြစ်တဲ့ မေတ္တာခမ်းတန် ဆိုတဲ့ အမည်တံဆိပ် တပ်ထားတဲ့ ယာဉ်လည်း ပါဝင်နေတဲ့အတွက် အဖွဲ့အစည်းတွေနဲ့ ပတ်သက်မှု ရှိသလားဆိုတဲ့ ကိစ္စကိုတော့ ဦးနေဇော်နိုင်က လက်နက်ကိုင်တွေနဲ့ ပတ်သက်မှု ရှိပုံ မရဘူးလို့ ပြောပါတယ်။

သူတို့ကို နမ့်စန်ရဲစခန်းမှာ ပ ၁၅ ၊ ၁၆ ၊ ၁၇ နဲ့ အမှုဖွင့်ထားပြီး ဒီလောက်များတဲ့ ပမာဏသယ်ဆောင်ရာမှာ ဘိန်း သယ်ဆောင်သူတွေဟာ လက်နက်မပါတဲ့အတွက် လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပုံမရဘူးလို့ ဦးနေဇော်နိုင်က ပြောပါတယ်။

မေလ ၂၄ ရက် ညနေပိုင်းမှာပဲ အဲဒီနောင်စန့်ရွာ အလယ်နားမှာ ဘိန်းမည်းပိဿာချိန် ၂၀ ကျော်နဲ့အတူ အမျိုးသား နှစ်ဦးကို ထပ်မံဖမ်းဆီး ရမိခဲ့ပါသေးတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံးရဲ့ ထုတ်ပြန်ချက်တွေအရတော့ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုနှုန်း ကျဆင်းသွားတယ်ဆိုပေမယ့် နမ့်စမ်တဝိုက် မိုင်းပွန်တဝိုက်နဲ့ အနောက်ဘက်တောင်ကြော ပအိုဝ်းရွာ ရှမ်းရွာတွေမှာ ဘိန်းခင်းတွေ အမြောက်အမြား မြင်တွေ့နေရဆဲဖြစ်တယ်လို့ ဦးနေဇော်နိုင်က ပြောပါတယ်။

ဘိန်းစိမ်း တပိဿာ ဈေးနှုန်းဟာ ၆ သိန်းခွဲလောက်သာ ရတော့ပေမယ့် ဒေသခံတောင်သူအနေနဲ့ အခြား စီးပွားရေးအရ တွက်ခြေကိုက်တဲ့ အခြားသီးနှံကိုလည်း မတွေ့တဲ့အတွက် ဘိန်းစိုက်ပျိုးမှုက ဆက်ရှိနေပုံ ရတယ်လို့လည်း ဦးနေဇော်နိုင်က ပြောပါတယ်။