စစ်သား ၃ ဦးကို AA ဖမ်းထား

ဓာတ်ပုံ မူပိုင် ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန
Image caption ဖမ်းဆီးထားတဲ့ တပ်သားတွေကို စစ်သုံ့ပန်းဆိုင်ရာ နိုင်ငံတကာ ဂျီနီဗာ သဘောတူညီချက်ပါ အတိုင်း စောင့်ရှောက်ထားတယ်လို့ ဦးခိုင်သုခက ပြော

ရက္ခိုင့်တပ်မတော် AA က ဖမ်းမိထားတဲ့ မြန်မာ့တပ်မတော်က တပ်သား သုံးဦးကို နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ ICRC ကို လွှဲပြောင်းဖို့ တိုင်ပင်နေတယ်လို့ AA ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးခိုင်သုခက ဘီဘီစီကိုပြောပါတယ်။

အဲဒီ တပ်သား သုံးဦးဟာ ဘူသီးတောင် အခြေစိုက် စကခ (၁၅) လက်အောက်ခံ၊ ခလရ (၂၆၃) တပ်ရင်းက ဖြစ်တယ်လို့ AA က သတင်းထုတ်ပြန်ထားပြီး မေလ ၂ဝ ရက်က ဘင်္ဂလားဒေ့ရှ် - မြန်မာ နယ်စပ် မိုင်တိုင် ၆၃ နဲ့ ၆၄ နားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း လက်နက်တွေနဲ့ အတူ ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ AA က ဓါတ်ပုံနဲ့တကွ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

အခုလို ဖမ်းဆီးထားတဲ့ တပ်သားတွေကို နိုင်ငံတကာ ဂျီနီဗာ သဘောတူညီချက်ပါ အတိုင်း စောင့်ရှောက်ထားတယ်လို့ ဦးခိုင်သုခက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန
Image caption AA နဲ့ မြန်မာ့ တပ်မတော်တို့ဟာ လက်ရှိ မေလ အတွင်းမှာ တိုက်ပွဲ ငါးကြိမ် ဖြစ်ပွားခဲ့

၂၀၁၅ တုန်းကလည်း အလားတူ ဖမ်းမိခဲ့တဲ့ မြန်မာ့တပ်မတော်က တပ်သားတွေကို ICRC ကို လွှဲပြောင်းခဲ့တယ်လို့လည်း ဦးခိုင်သုခက ပြောပါတယ်။

အခုလို ဖမ်းမိခဲ့တဲ့ တိုက်ပွဲ ဖြစ်စဉ်အတွင်းမှာ တပ်မတော်ဘက်က AA တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးသွားတာတော့ မရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။

အဲဒီ တိုက်ပွဲမှာ AA ဘက်က တဦးနဲ့ မြန်မာ့ တပ်မတော်ဘက်က ၉ ဦး ကျဆုံးခဲ့ပြီး လက်နက် အများအပြားလည်း သိမ်းဆည်း ရမိခဲ့တယ်လို့ AA က ကြေညာခဲ့ပေမယ့် တပ်မတော်ဘက်ကတော့ ဒါနဲ့ ပတ်သက်ပြီး တစုံတရာ မထုတ်ပြန်ခဲ့ပါဘူး။

AA နဲ့ မြန်မာ့ တပ်မတော်တို့ဟာ လက်ရှိ မေလ အတွင်းမှာ တိုက်ပွဲ ငါးကြိမ် ဖြစ်ပွားခဲ့ပြီး နောက်ဆုံးအကြိမ် မေလ ၂ဝ ရက် တိုက်ပွဲ နောက်ပိုင်းမှာလည်း မြန်မာ့တပ်မတော်ဘက်က တပ်အင်အားတွေ ဆက်လက် ဖြည့်တင်းနေတဲ့အတွက် နောက်ထပ် တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တယ်လို့ ဦးခိုင်သုခက ဘီဘီစီကို ပြောဆိုထားပါတယ်။