အနာဂတ်အတွက် မြေယာဘဏ် လျာထားစီမံဖို့ အစိုးရကို တိုက်တွန်း

ဓာတ်ပုံ မူပိုင် Getty Images
Image caption မိုးတွင်းအခါ ရေတိုက်စားမှု အကြီးအကျယ် ကြုံရစဉ်

မြန်မာနိုင်ငံမှာ သဘာ၀ ဘေးအန္တရာယ် ကျရောက်တဲ့ အခါ လူတွေကို ရွှေ့ပြောင်း ပေးနိုင်မယ့် နေရာတွေကို အလျင်အမြန် သတ်မှတ်ဆောင်ရွက်ဖို့ အစိုးရကို တိုက်တွန်းတဲ့ အစီရင်ခံစာတ စောင်ကို စိမ်းလန်းအမိမြေ ဖွဲ့ဖြိုးတိုးတက်ရေး အသင်း က ထုတ်ပြန်လိုက်ပါတယ်။

ရာသီဥတု ဆိုးရွားမှု ၊ သဘာ၀ ပတ်၀န်းကျင် ထိခိုက် ပျက်စီး မှုတွေကြောင့် ဖြစ်ပေါ်လာမဲ့ အိုးအိမ် ၊ မြေယာမဲ့မှုတွေ အတွက် ပြန်လည် နေရာချထားရေး ဆိုင်ရာ နည်းလမ်းတွေကို စိမ်းလန်းအမိမြေ ဖွဲ့ဖြိုးတိုးတက်ရေး အသင်း (ရန်ကုန် အခြေစိုက် Ecodev အဖွဲ့ ) က အစိုးရကို တိုက်တွန်းထားပါတယ်။

မြေလွတ် ၊ မြေရိုင်း နဲ့ အသုံးမပြုဘဲ ထားတဲ့ မြေယာတွေကို ရာသီဥတုကြောင့် အိုးအိမ်မြေယာမဲ့ သွားသူတွေ အတွက် Myanmar National Climate Land Bank လို့ခေါ်တဲ့ အမျိုးသား မြေယာဘဏ်တွေ လျာထား စီမံဖို့ အဆိုပြု ထားတာ ဖြစ်ပါတယ်။

လတ်တလော လေ့လာချက် အရ ဧရာ၀တီတိုင်း ဘိုကလေးမြို့နယ် ကဒုံကနိက ရွာနှစ်ရွာနဲ့ မွန်ပြည်နယ် ပေါင်မြို့နယ်မှာ ရှိတဲ့ မုတ္တမကွေ့နားက ရွာတရွာမှာ တွေ့ရှိချက်တွေကို အခြေခံပြီး အခုလို တိုက်တွန်း ထားတာ ဖြစ်တယ်လို့ Ecodev အဖွဲ့ရဲ့ စီမံကိန်း အရာရှိ ကိုနေမင်းမောင် က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လွတ်လပ်အတွေးဆွေးနွေးဖလှယ်

ပေါင်မြို့နယ်မှာ ဆိုရင် နှစ်နှစ်ဆယ် အတွင်း မြေတစ်မိုင်လောက် ဆုံးရှုံးခဲ့ရပြီး အဲဒီလို ဖြစ်ပွားမှုတွေကလည်း မိုးတွင်းမှာ ပိုအဖြစ်များတယ်လို့ သူက ဆိုပါတယ်။

ပင်လယ်ထဲမှာ ရှိတဲ့ ရွာနှစ်ရွာ ဆိုရင် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်နဲ့ ယှဉ်ရင် အတွင်းပိုင်း ရွေ့သွားလာတာကြောင့် အဲဒီ အရပ်က ဒေသခံတွေဟာ ရန်ကုန် နဲ့ ပေါင်မြို့ပေါ်တွေမှာ နေထိုင်ရေး စီစဉ်နေကြရတယ်လို့ သူက ပြောပါတယ်။

အခုလို ကမ်းပြို ၊ ရေတိုက်စားမှုတွေကြောင့် အိုးအိမ်မြေယာ မဲ့သွားသူတွေ အတွက် ယာယီ ခိုလှုံရာ နေရာထိုင်ခင်း တွေလည်း မရှိ ဖြစ်နေတဲ့ အတွက် သစ်တောပြုန်းတီးပြီး ကွက်လပ် ဖြစ်နေတဲ့ နေရာမျိုးတွေမှာ သူတို့အတွက် စီစဉ်ပေးရင် အဆင်ပြေမယ်လို့ ထင်ကြောင်း ကိုနေမင်းမောင် က ပြောပါတယ်။

ဒီလို ကိစ္စမျိုးတွေ အတွက် အစိုးရက ရေရှည် စဉ်းစားထားတာလည်း မရှိ ၊ ရေတက်လာရင် တာဆောက်ဖို့သာ စီစဉ်ထားပြီး အရှည်သဖြင့် ဒီလိုမျိုး ရေတက်လာမှုတွေကြောင့် နောင် ၁၅ နှစ်မှာ ဘယ်လိုတွေ ဖြစ်လာနိုင်မလဲ တွက်ချက်ကာ မြေယာဘဏ် ဘယ်နှစ်ဧက ထားရှိရမယ် စသဖြင့် စီစဉ် ထားသင့်တယ်လို့ သူက အကြံပြုထားပါတယ်။

သူတို့ အနေနဲ့တော့ သက်ဆိုင်ရာ အစိုးရ ဌာနတွေနဲ့ တွေ့ဆုံပြီး ဒီလို မြေယာဘဏ် တည်ထောင်မယ့် အစီအစဉ်တွေ လုပ်မယ့် အပြင် ဒါနဲ့ ပတ်သက်လို့ ဥပဒေ ပြုရေးကိုလည်း မြေယာ ၊ သစ်တော စတဲ့ ဌာနတွေနဲ့ ပူးပေါင်း အကောင်အထည် ဖော်သွားမှာ ဖြစ်တယ်လို့ Ecodev အဖွဲ့ရဲ့ စီမံကိန်း အရာရှိက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လွတ်လပ်အတွေးဆွေးနွေးဖလှယ်

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ