ကန့်ကွက်တဲ့ကြားက တပ်ထွက်ကို ချင်းဝန်ကြီးခန့်

ဓာတ်ပုံ မူပိုင် Chin World
Image caption ဦးစိုးထက်နဲ့မိသားစု

တပ်မတော်သားဟောင်းတဦး ဖြစ်ပြီး အမျိုးသား လွှတ်တော်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးစိုးထက်ကို ချင်းပြည်နယ် စည်ပင် လျှပ်စစ်နဲ့ စက်မှုဝန်ကြီးအဖြစ် မေလ ၂၅ ရက် မှာကျင်းပတဲ့ ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။

စည်ပင် ၊ လျှပ်စစ်နဲ့ စက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် တာဝန်က နုတ်ထွက် သွားတဲ့အတွက် အဲဒီလစ်လပ်နေရာမှာ ဦးစိုးထက်ကို ပြန်လည်ခန့်အပ်ဖို့ လုပ်ခဲ့တာပါ။

လွှတ်တော်ဥက္ကဋ္ဌက ဦးစိုးထက် အမည်စတင် တင်သွင်းလိုက်ချိန်မှာ ပလက်ဝ ၊ ကန်ပက်လက် ၊ တွန်းဇံ စတဲ့မြို့နယ်တွေက အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေက သဘောမတူကြောင်း ခန်းမထဲကထွက်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေထဲက ရွေးချယ်စေချင်လို့ ကန့်ကွက်ကြပုံရပြီး အခု ဦးစိုးထက်က ချင်းဆိုပေမယ့် လူမှုရေးအပိုင်းတွေမှာ လောက်သာပါဖူးပြီး ဒေသတွင်း နိုင်ငံရေးမှာ သိပ်မပါဖူးတဲ့အတွက် ဗဟိုက ရွေးလိုက်တဲ့အပေါ် လွှတ်တော်အမတ်တချို့က မကြိုက်နှစ်သက်ဘူးလို့ ချင်းပြည်နယ် အခြေစိုက် ချင်းဝေါလ် မီဒီယာမှ စီအီးအို ဆလိုင်းမာန်က ဘီဘီစီကို ပြောပါတယ်။

ချင်းလူမျိုးတဦးဖြစ်တဲ့ ဦးစိုးထက်ဟာ မူလတန်းပြဆရာလည်း လုပ်ခဲ့ပြီး ၁၉၈၃ ခုနှစ်မှာ ဘွဲ့ရဗိုလ်လောင်းသင်တန်းကို တက်ရောက်ခဲ့ကာ ရှမ်း ၊ ကချင် ၊ ကရင် ၊ မွန် ၊ ရခိုင်နဲ့ ဧရာဝတီ ၊ ပဲခူး ၊ မကွေး ၊ ရန်ကုန် ၊ နေပြည်တော် စတဲ့ ဒေသတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ပါချီးစခန်းသိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့လို့ သူရဲကောင်းမှတ်တမ်းဝင် လက်မှတ် ရခဲ့ပါတယ်။

သူ့ဖခင်က ပါလီမန်ခေတ်က ချင်းရေးရာ ဝန်ကြီး သီရီပျံချီ ဦးထပ်လှိုင်း ဖြစ်ပါတယ်။