ဦးကိုနီသတ်မှု တစ်နှစ်ကျော်ထိ တရားခံတွေ မစစ်နိုင်

Image caption ၂၀၁၇ မတ်လ ၃ ရက်က မြောက်ပိုင်းခရိုင်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတာ တစ်နှစ်ကျော် ကြာပြီ ဖြစ်ပေမယ့် ဖမ်းမိပြီးသား တရားခံတွေကို စတင် စစ်ဆေးနိုင်ခြင်း မရှိသေးပါဘူး။

တချိန်တည်း မှာပဲ အဲဒီ တရားခံတွေက သူတို့ကို စွဲဆိုထားတဲ့ ပုဒ်မတွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုနေသလို တရားလို ရှေ့နေ ဘက်ကလည်း လက်ရှိ စွဲဆိုထားတဲ့ ပုဒ်မအပြင် နောက်ထပ် ပုဒ်မထပ်တိုး စွဲဆိုနိုင်ဖို့ တောင်းဆိုထားပါတယ်။

တရားလို တရားခံ နှစ်ဘက် ရှေ့နေတွေရဲ့ ပြင်ဆင်မှု လျှောက်လဲချက်ကို မေ ၂၅ ရက်က ရန်ကုန်တိုင်း တရား လွှတ်တော်မှာ ကြားနာခဲ့ ပါတယ်။

ဆုံးဖြတ် အမိန့်ချဖို့က တစ်လဝန်းကျင် ကြာနိုင်ပြီး တရားလွှတ်တော်ရဲ့ အဲဒီ ဆုံးဖြတ်ချက် ရပြီး မှသာ တရားခံတွေကို စတင် စစ်ဆေး နိုင်မှာဖြစ်ပါတယ်။

ဦးကိုနီ လုပ်ကြံခံရမှု တနှစ်ပြည့်

ဓာတ်ပုံ မူပိုင် AFP
Image caption တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတာ တစ်နှစ်ကျော် ကြာပြီ

ဦးကိုနီကို လုပ်ကြံမှုမှာ အဓိက တရားခံ ကြည်လင်းက သူ့ကိုစွဲဆို ထားတဲ့ ပုဒ်မ ၂ ခု ထဲက ကြိုတင်ကြံစည် လူသတ်မှုပုဒ်မကို ပယ်ဖျက်ပေးဖို့ တောင်းဆို ထားပြီး ပူးပေါင်းကြံစည်မှုနဲ့ စွဲဆိုခံထားရတဲ့ အောင်ဝင်းဇော်နဲ့ ဇေယျာဖြိုးကတော့ အဲဒီစွဲချက်တွေကို ပယ်ဖျက်ပေးဖို့ လျှောက်ထား ခဲ့ပါတယ်။

ကြည်လင်းက သူဟာ ခိုင်းလို့ လုပ်ရတာ ဖြစ်လို့ ကြိုတင် ကြံစည် လူသတ်မှုပုဒ်မ ၃ဝ၂ ၉ (၁)ခ ကို ပယ်ဖျက်ဖို့ တောင်းဆိုပြီး အောင်ဝင်းဇော်နဲ့ ဇေယျာဖြိုးတို့ ကိုတော့ အမှုမှာ ပါဝင် ပတ်သက်ကြောင်း သက်သေ မခိုင်လုံဘူးလို့ အကြောင်း ပြကြောင်း တရားလို ရှေ့နေ ဦးနေလက ဘီဘီစီကို ပြောပါတယ်။

အောင်ဝင်း ထွန်း ကတော့ ညီအစ်ကို ချင်းမို့ လိုက်ပို့တာလို့ ပြောကြောင်း သူက ဆိုပါတယ်။

သူတို့ဘက် ကတော့ အကြမ်းဖက် ဥပဒေ ပုဒ်မနဲ့ပါ ထပ်တိုး စွဲဆိုပေးဖို့ တင်ပြခဲ့တယ်လို့ ဦးနေလက ဆိုပါတယ်။

အောင်ဝင်းခိုင်ကိုမမိရင် ကြိုးကိုင်သူကို ဖော်ဖို့မလွယ်

လောလောဆယ် တရားခံတွေက အမှုကနေ လွတ်အောင် ပြင်ဆင်နေပေမဲ့ ကြည်လင်းနဲ့ အောင်ဝင်းဇော်တို့ရဲ့ ဆက်စပ်မှု၊ ဥပဒေပြဋ္ဌာန်းချက်နဲ့ တရားဝင် သက်သေခံချက်တွေအရ သူတို့ ဘယ်နည်းနဲ့မှ အလွတ်ရုန်းနိုင်ဖွယ် မရှိဘူးလို့ တရားလို ရှေ့နေဦးနေလ က ပြောပါတယ်။

အဓိက တရားခံ ကြည်လင်းကို လူသတ်မှု ပုဒ် ၃ဝ၂ အပြင် ကြိုတင်ကြံစည် လူသတ်မှု ၃ဝ၂ (၁) ခ၊ အောင်ဝင်းထွန်းကို ပုဒ်မ ၂၁၂၊ အောင်ဝင်းဇော်နဲ့ ဇေယျာဖြိုးတို့ကို ပူးပေါင်း ကြံစည်မှု တို့နဲ့ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက စွဲဆိုထား ပါတယ်။

ကြည်လင်း၊အောင်ဝင်းဇော်နဲ့ ဇေယျာဖြိုးတို့ကို စွဲဆိုထားတဲ့ ပုဒ်မတွေက အမြင့်ဆုံးပြစ်ဒဏ် သေဒဏ် အထိ ချမှတ်နိုင် ပါတယ်။