ဒုက္ခသည် လက်ခံဖို့ မြန်မာ အသင့်ဖြစ်ပေမယ့် နှောင့်နှေးရတဲ့ အကြောင်းများစွာ ရှိနေ

ဓာတ်ပုံ မူပိုင် MOI
Image caption ပြန်၀င်လာမယ့် ဒုက္ခသည်တွေ ထားရှိဖို့ဆောက်ထားတဲ့ လှဖိုးခေါင် စခန်း က အသင့် ဖြစ်နေတဲ့ အခြေအနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဆောင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနက ညွှန်ချုပ်တွေပါဝင်တဲ့ JWC ( နှစ်ဖက်လုပ်ငန်းအဖွဲ့ ) ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသွားရောက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

JWC အစည်းအဝေးမှာ ပြန်လာမယ့် ဒုက္ခသည်တွေ ဖြည့်ရမယ့် ပုံစံ သတ်မှတ်ခဲ့ကြောင်း ၊ ဘင်္ဂလားဒေ့ရှ် ဘက်ကို မြန်မာဘက်က အဲဒီ ပုံစံ ပေးထားပြီး ဖြစ်ကြောင်း ၊ ဒါပေမယ့် သူတို့ဘက်က အဲဒီ ပုံစံနဲ့ ပြန်ကြားလာတာ မရှိဘဲ မြန်မာ ဘက်က တင်ပြတဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ လူရှစ်ထောင်စာရင်း ပြန်ကြားလာတာ ရှိခဲ့ဖူးကြောင်း ၊ ဒါဟာ မြန်မာ ဘက်နဲ့ သဘောတူညီမှု ရယူထားတဲ့ ပုံစံမဟုတ်တဲ့ အတွက် စီစစ်ရတာ အများကြီး အခက်အခဲ ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးလှိုင် က ပြောပါတယ်။

အဲဒီလို အနေအထားမျိုးမှာ မြန်မာဘက်က ဒုက္ခသည် လက်ခံရေး အချိန် ဆွဲနေတယ်လို့ ပြောဆိုမှုတွေ ရှိလာမှာကို စိုးရိမ်တဲ့ အတွက် ဘင်္ဂလားဒေ့ရှ် ဖက်က ပေးလာတဲ့ ပုံစံကိုဘဲ အခက်အခဲကြားက စစ်ပြီး အဲဒီ စစ်ဆေးချက်အရ ထွက်ပေါ်လာတဲ့ လူတထောင်စာရင်းကို ပို့ထားပေးခဲ့ပြီ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့် အဲဒီ ဒုက္ခသည်တွေကို ဒီနေ့ အချိန်အထိ ဘင်္ဂလားဒေ့ရှ် ဖက်က ပြန်လွှဲပေးမယ့် ရက်နဲ့ အချိန်တို့ကို မပြောနိုင်သေးတဲ့ အပြင် TOR မှာ ဆွေးနွေး ထားတဲ့ စခန်း ငါးခုနဲ့ ပတ်သက်လို့ ပြင်ဆင်ထားတာလည်း အသင့်မဖြစ် သေးတာကို တွေ့ရတယ်လို့ သူက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဘက်က ဒုက္ခသည်တွေ ပြန်လွှဲပေးဖို့ အသင့်မဖြစ်သေးဘူးလို့ ဆိုရခြင်းကလည်း မြန်မာဖက်က ပေးထားတဲ့ ပုံစံကို ဒုက္ခသည်တွေဆီ ချမပြပေးတာ တွေ့ရကြောင်း ၊ ပြန်လာမယ်ဆိုတဲ့ဟာကို လက်ရှိ မြေပြင်က ဒုက္ခသည်တွေက မသိသေးကြောင်း ၊ သိလာအောင် လုပ်ပေးတာလဲ မတွေ့ရကြောင်း နဲ့ ဒီ ဒုက္ခသည်တွေကို ပြန်လွှဲပေးဖို့ စခန်းတွေလည်း အသင့်ပြင် လုပ်ဆောင်နေတာ မရှိကြောင်း စတဲ့ အချက်တွေကို လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က ထောက်ပြခဲ့ ပါတယ်။

ဘာဘဲ ဖြစ်ဖြစ် မြန်မာဘက်ကတော့ ဒုက္ခသည် အမြန်ဆုံး ပြန်လက်ခံဖို့ အသင့် ဖြစ်နေပြီ ၊ လက်ခံဖို့ အားလုံး ပြင်ထားပြီးပြီလို့ ပြောခဲ့ကြောင်း ဆွေးနွေးပွဲမှာ တက်ရောက်ခဲ့တဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဌေးလှိုင် က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ၂၀၁၇ သြဂုတ်လကုန်ပိုင်းတုန်းက ရခိုင်မြောက်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့စဉ်

ပြီးခဲ့တဲ့နှစ် သြဂုတ်လကုန်ပိုင်းမှာ ရခိုင်ပြည်မြောက်ပိုင်းမှာ ARSA အဖွဲ့က ရဲကင်းစခန်းတွေကို တပြိုင်နက်တည်း ၀င်တိုက်ခဲ့ရာက အကြမ်းဖက်မှုတွေ စတင် ဖြစ်ပွားခဲ့ပြီး ဒုက္ခသည် ခုနှစ်သိန်းကျော် ဘင်္ဂလားဒေ့ရှ် ဘက် ထွက်ပြေး ခိုလှုံခဲ့ကြတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။