စွန့်ပစ်ခံ မြန်မာကလေး တသိန်းနီးပါးကို ထိုင်းက နေထိုင်ခွင့်ပေးဖို့ စီစဉ်နေ

ဓာတ်ပုံ မူပိုင် BBC/Aung Kyaw Oo
Image caption မိဘတွေက ငွေကြေး မတတ်နိုင်လို့ စွန့်ပစ်ခံရတဲ့ ကလေးတွေ၊ အရွယ်မရောက်သေးတဲ့ အချိန်မှာ လိင်ပိုင်း စော်ကားခံရပြီး မွေးလာတဲ့ ကလေးတွေ ပါဝင်

မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ နေထိုင် လုပ်ကိုင်ကြတဲ့ ထိုင်းနိုင်ငံက ဒေသတချို့မှာ စွန့်ပစ်ခံရတဲ့ မြန်မာ ကလေးငယ် တသိန်းနီးပါး ရှိနေပြီး ဒီကလေးတွေ နေထိုင်ခွင့်လက်မှတ် မကြာခင် ရရှိတော့မယ်လို့ စာရင်းကောက်ယူခဲ့တဲ့ အဖွဲ့ဝင်တဦးက ဘီဘီစီကို ပြောပါတယ်။

အခုလို စွန့်ပစ်ခံရတဲ့ ကလေးတွေကို ချင်းမိုင်ခရိုင်မှာ အများဆုံး တွေ့ရပြီး ချင်းရိုင်နဲ့ တာ့ခ်ခရိုင်တွေမှာလည်း ဒုတိယနဲ့ တတိယ အများဆုံး အနေနဲ့ တွေ့ရတယ်လို့ အခုလို စာရင်းကောက်ယူခဲ့တဲ့ ထိုင်းပညာရေး ဝန်ကြီး ဌာန လက်အောက်က အချက်အလက် ရှာဖွေရေး ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ ကလေးတွေထဲမှာ မိဘတွေက ငွေကြေး မတတ်နိုင်လို့ စွန့်ပစ်ခံရတဲ့ ကလေးတွေ၊ အရွယ်မရောက်သေးတဲ့ အချိန်မှာ လိင်ပိုင်း စော်ကားခံရပြီး မွေးလာတဲ့အတွက် မလိုချင်လို့ စွန့်ပစ်ခံရတဲ့ ကလေးတွေ ပါဝင်တယ်လို့ အဲဒီကလေးတွေကို စောင့်ရှောက်ပေးနေတဲ့ မဲဆောက် အခြေစိုက် ကလေးသူငယ်နဲ့ အမျိုးသမီး လူမှု စောင့်ရှောက်ရေး အဖွဲ့ SAW ရဲ့ ဒါရိုက်တာ ဒေါ်အေးအေးမာက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် BBC/Aung Kyaw Oo
Image caption မြန်မာ ရွှေ့ပြောင်း အလုပ်သမား ကူညီရေး အဖွဲ့တွေကလည်း နိုင်ငံတကာ အလှူရှင်တွေရဲ့ အကူအညီတွေနဲ့ စောင့်ရှောက်နေ

အဲဒီ ကလေးငယ်တွေထဲမှာ တီဘီ ရောဂါနဲ့ အိတ်ချ်အိုင်ဗီ ရောဂါ ခံစားနေရတဲ့ ကလေးငယ်တွေလည်း ပါဝင်ပြီး မြန်မာ ရွှေ့ပြောင်း အလုပ်သမား ကူညီရေး အဖွဲ့တွေကလည်း နိုင်ငံတကာ အလှူရှင်တွေရဲ့ အကူအညီတွေနဲ့ စောင့်ရှောက်ပေးနေတယ်လို့လည်း သူက ပြောပါတယ်။

အဲဒီ ကလေးတွေဟာ ထိုင်းနိုင်ငံမှာ မွေးတဲ့ ကလေးတွေ ဖြစ်တဲ့အတွက် ဒီကလေးတွေကို စောင့်ရှောက် ပျိုးထောင်ရမယ့် တာဝန်ရှိပြီး တသိန်းနီးပါး အရေအတွက် ရှိတဲ့ အဲဒီ ကလေးတွေ အထဲက ၂ဝဝဝ ကို ထိုင်းနိုင်ငံမှာ နေထိုင်ခွင့် လက်မှတ် ထုတ်ပေးထားပြီး ကျန်တဲ့ ကလေးတွေလည်း မကြာခင် ရရှိမှာ ဖြစ်ကြောင်း စာရင်းကောက်ယူခဲ့တဲ့ ကော်မတီ အဖွဲ့ဝင် နိုင်ဆူရဖုန် ကောင်ကျန်တစ် က ဘီဘီစီကို ပြောပါတယ်။

အခုလို စွန့်ပစ်ခံ ကလေးငယ်တွေ အတွက် ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်၊ အခမဲ့ ပညာသင်ယူခွင့်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရဖို့အတွက် ထိုင်းရှေ့နေများ ကောင်စီရဲ့ နိုင်ငံမဲ့များရေးရာ ကော်မတီက နှစ် အတော်တန်ကြာ ဥပဒေကြောင်း အရ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ဒီကလေးတွေအတွက် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ အညီ အပြည့်အဝ ရလာရေး ဆောင်ရွက်ပေးဖို့အတွက် ထိုင်းနိုင်ငံ ပြည်ထဲရေးနဲ့ ပညာရေး ဝန်ကြီးဌာနတို့က ပူးပေါင်း ဆောင်ရွက်ပေးဖို့ အဲဒီ ကော်မတီက ထိုင်းအစိုးရအဖွဲ့ အစည်းအဝေးကို တင်ပြထားပါတယ်။