ကျောက်ဖြူစီမံကိန်း ရင်းနှီးမြှုပ်နှံမှု ငွေများလို့ မြန်မာ အကြွေးတင်နိုင်

Image caption ကျောက်ဖြူ ရေနက် ဆိပ်ကမ်း

ဒေါ်လာ ၇.၅ ဘီလျံ ကုန်ကျမယ့် ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်းမှာ ငွေပမာဏ အဲဒီလောက် အများကြီး ရင်းနှီးမြှုပ်နှံတာ လက်တွေ့ မကျဘူးလို့ မြန်မာ အစိုးရရဲ့ စီးပွားရေး အကြံပေး ပါမောက္ခ Sean Turnellက ပြောသလို ဒီကိစ္စကြောင့် မြန်မာနိုင်ငံအနေနဲ့ အကြွေး ပြဿနာ တင်နိုင်တယ်လို့ ဆိုပါတယ်။

စင်္ကာပူနိုင်ငံမှာ မေ ၂၅ ရက်က ကျင်းပတဲ့ မြန်မာ့ စီးပွားရေး တိုးတက်၊ စိန်ခေါ်မှုနဲ့ အလားအလာ ဆွေးနွေးပွဲမှာ သူက အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တရုတ်က ဦးစီးလုပ်မယ့် အဲဒီကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်းနဲ့အတူ အထူးစီးပွားရေးဇုန်ကိုလည်း တည်ဆောက်သွားဖို့ ရှိနေသလို ဒီစီမံကိန်းတွေ အတွက် စုစုပေါင်း ဒေါ်လာ ၁ဝ ဘီလျံ ကုန်ကျမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက တရုတ်ရဲ့ အစိုးရပိုင် CITIC ကုမ္ပဏီက ဆိပ်ကမ်း တည်ဆောက်ဖို့ တင်ဒါ ရရှိခဲ့ပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ကုန်ကျမယ့်ငွေတွေကို တရုတ်က ၇၀ ရာခိုင်နှုန်း ထည့်ဝင်မှာ ဖြစ်ပြီး မြန်မာက ၃၀ ရာခိုင်နှုန်း ထည့်ဝင်တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။

ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်းအတွက် အစိုးရက တရုတ်ရဲ့ ပို့ကုန် သွင်းကုန် ကုမ္ပဏီဆီကနေ ဒေါ်လာ ၂ ဘီလီယံကနေ ၃ ဘီလီယံနီးပါး ချေးယူသွားဖို့ ရှိနေပါ တယ်။

စီမံကိန်းတည်ဆောက်ဖို့ ကုန်ကျမယ့်ငွေတွေကို အတိုးနှုန်းသက်သာမယ့်နေရာကနေ ချေးယူနိုင်မယ်ဆိုရင် ဘဏ္ဍာရေး ကြွေးဆပ်ရမယ့် တာဝန်က သက်သာမယ်လို့ စီးပွားရေး ပညာရှင် ဒေါက်တာ စိန်မင်းက သုံးသပ်ပါတယ်။

ဒီစီမံကိန်းကြောင့် အလုပ်အကိုင်ရရှိမှု ဒေသဖွံ့ဖြိုးမှုကတော့ အတိုင်းအတာ တခုအထိ ရရှိနိုင်ပေမယ့် အရင်းအနှီးထည့်ဝင်တာ နည်းပါးတာကြောင့် ဒီစီမံကိန်းကနေ မြန်မာက ရရှိမယ့် အကျိုးအမြတ် နည်းနိုင်သလို ဒီစီမံကိန်းကို ဘယ်လို ပုံဖော်ပြီး ဘယ်သူတွေက ထိန်းချုပ် လုပ်ကိုင်မလဲဆိုတဲ့ အပေါ်မှာ မူတည်နေတယ်လို့ စီးပွားရေး ပညာရှင် ဒေါက်တာ စိန်မင်းက ပြောပါတယ်။

ဒါအပြင် ရေနက်ဆိပ်ကမ်း စက်မှုဇုန်တွေမှာ ရင်းနှီးမြှုပ်နှံထားပြီးတဲ့နောက် ဒီ ရေနက် ဆိပ်ကမ်းနဲ့ စက်မှုဇုန်တွေ ဘယ်လောက် အလုပ်ဖြစ် မလဲဆိုတာနဲ့ ရင်းနှီး ထားတဲ့ ငွေတွေ ဘယ်လောက် ပြန်ရမလဲဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်နေတာကြောင့် မြန်မာပြည်အတွက် စွန့်စားမှုတခု ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

သီရိလင်္ကာနိုင်ငံမှာလည်း Hambantota ဆိပ်ကမ်းစီမံကိန်းကို ဒေါ်လာ ၁ ဘီလီယံ အကုန်ကျခံတည်ဆောက်ရာမှာ အစိုးရက ငွေကြေး အမြောက်အမြားကို ချေးယူခဲ့ပါ တယ်။

ဒါပေမယ့် ချေးယူထားတဲ့ငွေတွေ ပြန်မဆပ်နိုင်တာကြောင့် တရုတ်ကို ၉၉ နှစ် ကြာ အငှား ချခဲ့ရပါတယ်။

ဒီဖြစ်ရပ်ဟာ သီရိလင်္ကာနိုင်ငံက ဖြစ်ရပ်မျိုး မဖြစ်လာအောင် ဒီစီမံကိန်းကို မြန်မာက ဘယ်လို ပါဝင်မလဲ၊ ဘယ်သူတွေက လာပြီး ရင်းနှီးမြုပ်နှံမလဲ၊ စီမံကိန်းကို ကိုင်တွယ်တဲ့ သူတွေက ဘယ်လို မူဝါဒတွေနဲ့ ကိုင်တွယ်သွားမလဲဆိုတာ သေချာ ဆန်းစစ် လေ့လာ သင့်တယ်လို့လည်း ဒေါက်တာ စိန်မင်းက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ