၂၁ ရာစုပင်လုံရဲ့ ကဏ္ဍ မေးခွန်းထုတ်စရာလို့ ကယားမှာ ဆွေးနွေးကြ

ဓာတ်ပုံ မူပိုင် LAIN Technical Support Group
Image caption ၂၀ဝ၈ ဖွဲ့စည်းပုံအရ ရွေးကောက် တည်ထောင်ထားတဲ့ လွှတ်တော်ဘက်ကလည်း စစ်ပွဲတွေနဲ့ ပတ်သက်လို့ ခံရတဲ့ ပြည်သူတွေဘက်က အသံ ထွက်မပေး

၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ အားလုံး တန်းတူ ပါဝင်ခွင့် မရပဲ ဖြစ်နေတဲ့ အခြေအနေ အပါအဝင် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်မှာ လှုပ်ရှားနေရတဲ့အတွက် ဒီညီလာခံရဲ့ အခန်းကဏ္ဍက မေးခွန်းထုတ်စရာ ဖြစ်နေတဲ့ ကိစ္စတွေကို ကယားပြည်နယ် လွိုင်ကော်မြို့မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး လူထု နှီးနှော ဖလှယ်ပွဲမှာ အဓိက ဆွေးနွေးနေကြတယ်လို့ ဒီပွဲစီစဉ်သူ တဦးဖြစ်တဲ့ ကိုကျော်ထင်အောင်က ဘီဘီစီကို ပြောပါတယ်။

အဲဒီ ငြိမ်းချမ်းရေး လူထုနှီးနှောဖလှယ်ပွဲ (ကရင်နီပြည်) ကို မေလ ၂၆ ရက်နေ့က စပြီး လွိုင်ကော်မြို့ ချိကယ်ကျေးရွာမှာရှိတဲ့ ကေ့ထျိူးဘိုး ခန်းမဆောင်မှာ သုံးရက်တာ ကျင်းပနေတာ ဖြစ်သလို ကယားပြည်နယ် အတွင်းက ဒေသခံ လူထု အပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ အမျိူးသမီး အဖွဲ့အစည်းတွေ၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ်တွေ၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) ရဲ့ အဖွဲ့ဝင် တိုင်းရင်းသားနိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်နေကြပါတယ်။

တနိုင်ငံလုံး အပစ်ရပ် စာချုပ် အန်စီအေထိုးမှ ညီလာခံ တက်ခွင့်ရမယ်လို့ ကန့်သတ်ချက်တွေ ရှိပေမယ့် အခုလို ထိုးထားတဲ့ နယ်မြေတွေမှာပါ တိုက်ပွဲတွေ ဖြစ်နေတဲ့ အတွက် တိုင်းရင်းသားတွေဘက်က ယုံကြည်မှု နည်းနေတယ်လို့ LAIN နည်းပညာ အထောက်အကူ အဖွဲ့ဝင်လည်း ဖြစ်တဲ့ ကိုကျော်ထင်အောင်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် LAIN Technical Support Group
Image caption လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက်တာနဲ့ ဆုံးဖြတ်ချက်ချတဲ့ အပိုင်းတွေမှာ အမျိုးသမီး ပါဝင်မှု အခန်းကဏ္ဍ အားနည်းနေတာတွေလည်း ဆွေးနွေးခဲ့

၂၀ဝ၈ ဖွဲ့စည်းပုံအရ ရွေးကောက် တည်ထောင်ထားတဲ့ လွှတ်တော်ဘက်ကလည်း စစ်ပွဲတွေနဲ့ ပတ်သက်လို့ ခံရတဲ့ ပြည်သူတွေဘက်က အသံ ထွက်မပေးတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စလည်း အရေးပါပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး အတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းဖို့လိုတယ်လို့ ကိုကျော်ထင်အောင်က ပြောပါတယ်။

ဒါ့အပြင် အန်စီအေ လက်မှတ်ထိုးထားတဲ့ နေရာတွေမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခွင့်ရဖို့ သဘောတူထားပေမယ့် တပ်မတော်ဘက်က ပိတ်ပင်မှုတွေ ရှိနေတဲ့အတွက် အားလုံးပါဝင်တဲ့ တနိုင်ငံလုံးအသွင်ဆောင်တဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပွဲတွေ လုပ်ဖို့ လိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ကယန်းအမျိုးသမီး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး မူးဂလိုရီယာကတော့ မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက်တာနဲ့ ဆုံးဖြတ်ချက်ချတဲ့ အပိုင်းတွေမှာ အမျိုးသမီး ပါဝင်မှု အခန်းကဏ္ဍ အားနည်းနေတာကို ဆွေးနွေးခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

လက်ရှိ အခြေအနေမှာလည်း အဲဒီ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ခံစားနေရတဲ့ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေအတွက် လက်ရှိ အမျိုးသမီး လွှတ်တော် အမတ်တွေကလည်း တတ်နိုင်တဲ့ ပုံစံနဲ့ အခန်းကဏ္ဍမျိုးစုံကနေ လုပ်ဖို့လိုပြီး လွှတ်တော်က အမှန်တကယ် အာဏာရှိလာမယ်ဆိုရင် ပိုပြီး ထိရောက်မယ်လို့ မျှော်လင့်ကြောင်း မူးဂလိုရီယာက ပြောပါတယ်။

အခုလို ကျင်းပနေတဲ့ ငြိမ်းချမ်းရေး လူထုနှီးနှောဖလှယ်ပွဲ (ကရင်နီပြည်) မှာ အဖွဲ့အစည်း ငါးဆယ်ကျော်က စာတမ်း ၂၅ စောင်ကို ဒုတိယနေ့မှာ တင်သွင်းခဲ့ပြီး ကယားပြည်နယ်လူထုရဲ့သဘောထားကို အခြေခံတဲ့ ညီညွတ်ရေးနဲ့ ရေရှည် ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ အဓိက ရည်ရွယ် ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။