အပစ်ရပ်အဖွဲ့တွေ နိုင်ငံရေးအရ ရှေ့ဆက်ဖို့ ခက်နေ

Image caption မွန်ပြည်သစ်ပါတီနဲ့ လားဟူကိုယ်စားလှယ်များ အန်စီအေလက်မှတ်ထိုးပွဲ တက်ရောက်စဉ်

တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (အန်စီအေ) လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ မြန်မာ့ တပ်မတော်ကြောင့် နိုင်ငံရေး အရ ရှေ့ဆက်ဖို့ ခက်နေတယ်လို့ မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဌ နိုင်ဟံသာ က ပြောပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်နေတဲ့ (အန်စီအေ) လက်မှတ် ထိုးထားတဲ့ အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) အစည်း အဝေးကို တက်ရောက်နေတဲ့ နိုင်ဟံသာ က အခုလို ပြောကြားလိုက်တာ လည်း ဖြစ်ပါတယ်။

အစိုးရတပ်နဲ့ ဆွေးနွေးရာမှာ နိုင်ငံရဲ့ အစိတ်အပိုင်း တခုမှ ခွဲမထွက်ရ ဆိုတာကို တပ်မတော် ဘက်က ထည့်ချင်ကြောင်း၊ ဒါဟာ တိုင်းရင်းသား တွေရဲ့ ကိုယ်ပိုင်ပြဌာန်း ခွင့်နဲ့ ပြည်နယ် ဖွဲ့စည်းပုံတို့ကို လက်မခံဘူး ဆိုတဲ့ သဘောဖြစ်နေတာကြောင့် နိုင်ငံရေး အရ ရှေ့ဆက်ဖို့ အဲဒီမှာ တစ်ဆို့ နေတယ်လို့လည်း သူက ဆိုပါတယ်။

အဲဒီလို အခက်အခဲ ဖြစ်နေတာကို ပြေလည်အောင်၊ အခု ကျင်းပနေတဲ့ (PPST) အကြိမ် ၂၀ မြောက် အစည်းအဝေးကနေ နည်းလမ်း ရှာနေ ကြောင်း၊ ဒါပေမယ့် တပ်မတော်နဲ့ တရားဝင် မဆွေးနွေး ရသေးဘဲ နဲ့ ဒါကို ထုတ် မပြောချင် သေးဘူး လို့လည်း နိုင်ဟံသာက ပြောပါတယ်။

မွန် နဲ့ ရှမ်းပြည်နယ်တွေမှာ လူထုနဲ့ တွေ့ဆုံပွဲတွေ လုပ်ဖို့ နဂိုက သဘောတူထား ပြီးသားကို တွေ့ဆုံဖို့ လုပ်တဲ့ အချိန်မှာ တပ်ဘက်က ကန့်ကွက် တာတွေ ရှိနေတဲ့ အတွက်၊ ဒါဟာ ရှေ့တိုးလို့ မရအောင် အနှောင့် အယှက်ပေး နေသလို ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

မွန်ပြည်နယ်မှာ ဆိုရင် ၅ နေရာမှာ လူထုနဲ့ တွေ့ဆုံဖို့ ရှိရာ၊ ၂ နေရာပဲ လုပ်ခွင့် ရသေးတယ်လို့ ဆိုပါတယ်။

PPST အနေနဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ ကို ဆက်သွားဖို့ ဖြစ်စေချင်ကြောင်း ဒါပေမယ့် ရှမ်းနဲ့ ရခိုင် ဒေသတွေမှာ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ခွင့်မရတော့ အဲဒီပြည်နယ်တွေ အနေနဲ့ တစုံတရာ နိုင်ငံရေး အရ အဖြေပေးဖို့ အခက်အခဲ ဖြစ်နေရတယ်လို့ ပြောပါတယ်။

နောက်ပြီး တပ်မတော် အနေနဲ့ တချို့ နေရာတွေမှာ အပစ်ရပ်ပြီး တချို့ နေရာတွေ ကိုတော့ ထိုးစစ် ဆင်နေတာတွေ ဟာ မရိုးသားဘူးလို့ မြင်ကြောင်း နိုင်ဟံသာ က ပြောပါတယ်။