စီမံ ဘဏ္ဍာ ဝန်ကြီးသစ် ဘယ်ကဏ္ဍတွေကို အာရုံစိုက် ကိုင်တွယ်ဖို့ လိုလဲ

Image caption ငွေကြေးဆိုင်ရာ မူဝါဒ အခြေခံကောင်း ချမှတ်ဖို့လို

မြန်မာနိုင်ငံတွင်း အခြေခံကောင်း မရှိဖြစ်နေပြီး ဒေသတွင်းမှာကို နောက်ကျ ကျန်နေရစ်ခဲ့ ရတဲ့ ဘဏ္ဍာ ငွေကြေး ဆိုင်ရာ စီမံ အုပ်ချုပ်မှု ကဏ္ဍတွေကို စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးသစ် ဖြစ်လာမယ့်သူ အနေနဲ့ အာရုံစိုက် ဖြေရှင်းဖို့ လိုမယ်ဆိုပြီး စီးပွားရေး အသိုင်းအဝိုင်းက ပြောပါတယ်။

ဘဏ္ဍာရေး ဆိုင်ရာ စီမံ ခန့်ခွဲမှုလို့ ဆိုတဲ့ နေရာမှာ နိုင်ငံတွင်း လုပ်ငန်း ပရောဂျက်ပေါင်း များစွာ ရှိနေတဲ့ အထဲ ဘယ် အရာတွေက အကျိုး ရှိစေမလဲ ဆိုတာ သေချာ ရွေးချယ် စိစစ်နိုင်စွမ်းကို ဆိုလိုတယ်လို့ မြန်မာနိုင်ငံ စက်မှု ကုန်သည် လုပ်ငန်းရှင်များ အသင်း UMFCCI ရဲ့ ဒုတိယ ဥက္ကဌ ဒေါက်တာ မောင်မောင်လေးက ဆိုပါတယ်။

လစ်လပ်နေတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီး နေရာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုစီးပွားရေး ကော်မတီ အဖွဲ့ဝင် ဦးစိုးဝင်းကို ခန့်အပ်ဖို့ နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော်မှာ အမည်စာရင်း တင်သွင်း ထားပါတယ်။

Image caption ပြည်သူတွေ အတွက် အကျိုး ရှိစေမယ့် စီမံကိန်းတွေကို စိစစ် ရွေးချယ်ဖို့လို

ဘဏ်လုပ်ငန်းနဲ့ ငွေကြေး လုပ်ငန်းတွေထဲ နှစ်ပေါင်း ၄၅ နှစ်ကျော် ကျင်လည်လာတဲ့ ဦးစိုးဝင်းဟာ လက်ရှိမှာလည်း ဘဏ္ဍာရေးနဲ့ ငွေကြေးပိုင်းတွေကို အကြံပေး ကိုင်တွယ် တဲ့ နိုင်ငံတကာ ကုမ္ပဏီ ဒီလွိုက်နဲ့ လက်တွဲပြီး အတိုင်ပင်ခံ အကြံပေး တစ်ယောက် အဖြစ် လုပ်ဆောင် နေသူ ဖြစ်ပါတယ်။

သမ္မတ ဦးဝင်းမြင့်က သမ္မတရုံးကို ပေးပို့တဲ့ ကိုယ်ရေးအကျဉ်းထဲ ဦးစိုးဝင်းဟာ Deloitte ကုမ္ပဏီအတွက် မြန်မာပြည် အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိုယ်စားလှယ် Country Managing Partner အဖြစ် တာဝန် ယူထားသူလို့ ဖော်ပြထားပါတယ်။

ဦးစိုးဝင်းဟာ ငွေကြေးဆိုင်ရာ မူဝါဒနဲ့ ရင်းနှီးမြှုပ်နှံမှု အပိုင်းတွေမှာ နိုင်ငံတကာ အတွေ့အကြုံ ရင့်ကျက်ပြီး ပုဂ္ဂိုလ်ရေး အရလည်း ဆက်ဆံရေး ကောင်းမွန်သူ တစ်ယောက် ဖြစ်တယ်လို့ ဦးစိုးဝင်းနဲ့ နှစ်ရှည်လများ ကျွမ်းဝင်ခဲ့တဲ့ ဒေါက်တာ မောင်မောင်လေးက ဘီဘီစီကို ပြောပါတယ်။

မြန်မာအစိုးရပိုင် နိုင်ငံခြား ကုန်သွယ်မှုဘဏ်ရဲ့ အထွေထွေ မန်နေဂျာ အဖြစ် ဦးစိုးဝင်း တာဝန်ထမ်းခဲ့စဉ် ကတည်းက သိကျွမ်းခဲ့ရတာ ဖြစ်ပြီး ယုံကြည် စိတ်ချဖွယ် ပုဂ္ဂိုလ် ဖြစ်တယ်လို့လည်း ဒေါက်တာမောင်မောင်လေးက ဆိုပါတယ်။

Image caption ရင်းနှီးမြှုပ်နှံမှုနဲ့ ငွေကြေးမူဝါဒတွေကို ကျွမ်းကျင်သူ

ဦးစိုးဝင်းအပေါ် သူနဲ့တွဲပြီး အလုပ်လုပ်ကိုင်ဖူးတဲ့ နိုင်ငံတကာက နာမည်ကြီး ငွေကြေး အဖွဲ့အစည်းတွေ အနေနဲ့ လေးစားမှု ရှိပြီး ဖြစ်တယ်လို့လည်း ဒေါက်တာ မောင်မောင်လေးက ပြောပါတယ်။

အသက် ၈ဝ တွင်း ရောက်နေပြီ ဖြစ်တဲ့ ဦးစိုးဝင်းဟာ တကယ်လို့ စီမံ ဘဏ္ဍာ ဝန်ကြီး အဖြစ် အတည်ပြု ခံရပြီ ဆိုရင်တော့ အစိုးရ အဖွဲ့ဝင်ထဲ အသက်ရွယ် အကြီးဆုံးသူ တစ်ဦး ဖြစ်လာမှာပါ။

လောလောလတ်လတ်မှာလည်း မလေးရှားကို ကြည့်ရင် အသက် ၉ဝ ကျော် မဟာသီယာ တကျော့ပြန် ဝန်ကြီးချုပ် ဖြစ်လာတာကို တွေ့ရပြီး၊ ဦးစိုးဝင်း အနေနဲ့လည်း လုပ်နိုင်ကိုင်နိုင်စွမ်း ရှိတဲ့ ဝါရင့် ပုဂ္ဂိုလ် အဖြစ် အခြေခံကောင်းတွေ ချမှတ်ပေးပြီး ငယ်ရွယ်တဲ့ မျိုးဆက်သစ်တွေကို လမ်းပြ ပေးသွားမယ်လို့ မျှော်လင့်ကြောင်း ဒေါက်တာ မောင်မောင်လေးက ဆိုပါတယ်။

သမ္မတသစ် ဦးဝင်းမြင့် လက်ထက် ပထမဆုံး အကြိမ် ရာထူးက နုတ်ထွက်သွားတဲ့ ဝန်ကြီးဟောင်း ဦးကျော်ဝင်းကတော့ အဂတိလိုက်စားမှု နဲ့ တိုင်ကြားခံ ထားရတဲ့အတွက် စစ်ဆေး နေတယ်လို့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် က မေလ ၂၃ ရက်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးမှာ ပြောခဲ့ပါတယ်။

အစိုးရ အဖွဲ့ဝင် ဝန်ကြီး အဖြစ် ခန့်အပ်ဖို့ သမ္မတက လျာထား အဆိုပြုသူတွေကို အကြောင်းကြီးငယ် မခိုင်လုံပဲ လွှတ်တော်က ငြင်းပယ်လေ့ မရှိတာကြောင့် ဦးစိုးဝင်းကို မကြာခင်မှာပဲ စီမံ ဘဏ္ဍာ ဝန်ကြီးသစ် အဖြစ် လွှတ်တော်က အတည်ပြုပေးလာဖွယ် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ