ရခိုင်ဒေသ ဖြတ်ကျော်ဖွယ်ရှိတဲ့ မုန်တိုင်းကို အနီရောင်အဆင့်သတ်မှတ်

ဓာတ်ပုံ မူပိုင် Nang Zin Zar Phyo Thant
Image caption စစ်တွေ - ဘူးသီးတောင် - မောင်တော လမ်းကြောင်းပေါ်က အငူမော်ဆိပ်ကမ်းအနီး ပင်လယ်ပြင်ကို မေလ ၂၉ ရက်နေ့ နေ့လည်ပိုင်းက တွေ့ရစဉ်

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ အရှေ့မြောက်ကို ဆက်လက်ရွေ့လျားနေပြီး စစ်တွေမြို့ရဲ့ တောင်ဘက် မိုင် ၁၀၀ ခန့် ကျောက်ဖြူမြို့အနောက်ဘက် မိုင် ၇၀ ခန့်အကွာ ပင်လယ်ကို ဗဟိုပြုနေပြီး ရခိုင်ကမ်းရိုးတန်းကို လာမယ့် ၁၂ နာရီအတွင်း ဖြတ်ကျော်ဖွယ်ရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနဌာနက မေလ ၂၉ ရက်နေ့ မနက် ၁၁ နာရီအချိန်မှာ ထုတ်ပြန်ကြေညာပါတယ်။

မုန်တိုင်းကို အနီရောင် အရေးပေါ် အခြေအနေလို့ သတ်မှတ်ထားပြီး မုန်တိုင်းဖြတ်ကျော်စဉ် အမြင့်ဆုံး လေတိုက်နှုန်းမှာ တနာရီ ၄၅ မိုင်မှာ မိုင် ၅၀ အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုထားပါတယ်။

ကျောက်ဖြူနဲ့ စစ်တွေအကြားကနေ ဝင်ရောက် ဖြတ်ကျော်ဖွယ်ရှိတဲ့ မုန်တိုင်းကြောင့် ကျောက်ဖြူ ၊ စစ်တွေ ကမ်းခြေဒေသတွေမှာ ၅ ပေ ကနေ ၇ ပေ ခန့် ဧရာဝတီတိုင်းဒေသကြီး ကမ်းခြေတွေမှာ ၃ ပေခန့် ရေမြင့်လာနိုင်တယ်လို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်း ၊ ပဲခူး ၊ ရန်ကုန် ၊ ဧရာဝတီ ၊ ကချင် ၊ ရှမ်း ၊ ချင်း ၊ ရခိုင်နဲ့ မွန်ပြည်နယ်တွေမှာ ၂၄ နာရီအတွင်း ၇၇ မီလီမီတာ ( ၃ လက်မ ) နဲ့အထက် နေပြည်တော် စစ်ကိုင်းတိုင်းအောက်ပိုင်း ၊ မကွေးတိုင်းနဲ့မန္တလေးတိုင်းတို့မှာ ၃၈ မီလီမီတာ (၁.၅ လက်မ ) နဲ့ အထက် မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မုန်တိုင်းအရှိန်ကြောင့် မေလ ၂၉ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ နေပြည်တော် ၊ စစ်ကိုင်းတိုင်း ၊ မန္တလေး ၊ မကွေး ၊ ပဲခူး ၊ ရန်ကုန် ၊ ဧရာဝတီ ၊ ကချင် ရှမ်း ၊ ချင်း ၊ ရခိုင်နဲ့ မွန်ပြည်နယ်တို့မှာ နေရပ်စိပ်စိပ်ကနေ နေရာအနံ့အပြားမိုးထစ်ချုန်းရွာမယ်လို့ သိရပါတယ်။

ကျောက်ဖြူဘက်မှာတော့ မြစ်ကမ်းအနီးအနား ကမ်းနားဒေသက ကျေးရွာတွေကို ရွှေ့ပြောင်းနေထိုင်ကြဖို့ မေလ ၂၈ ရက်နေ့ကတည်းက အာဏာပိုင်တွေက ဆော်သြနေပါတယ်။

ဓာတ်ပုံ မူပိုင် SH
Image caption ရွှေပြည်သာမှာ နေအိမ်တွေအမိုးလန်ပျက်စီး

စစ်တွေတဘက်ကမ်း မောင်တော - ဘူးသီးတောင်လမ်းပေါ်က အငူမော်ဒေသမှာတော့ လေကလည်း စတိုက်နေပြီး မိုးတွေလည်း ရွာနေတဲ့အတွက် လှေ သဗ္ဗာန်တွေလည်း မထွက်တော့ဘဲ အငူမော်မှာ သောင်တင်နေသူတွေလည်း အမြောက်အမြား ရှိနေတယ်လို့ အငူမော်ကို ရောက်နေတဲ့ သူတဦးကလည်း မေလ ၂၉ ရက်နေ့ နေ့လည် ၁ နာရီကျော်အချိန်က ဘီဘီစီကို ပြောပါတယ်။

မုန်တိုင်းကြောင့် ရန်ကုန်မှာလည်း မိုးရွာနေပြီး လေလည်းတိုက်နေတာကြောင့် မေလ ၂၉ ရက်နေ့ မနက်ပိုင်းက ရွှေပြည်သာမှာ နေအိမ်တွေအမိုးလန်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး အိမ်ခြေ ၁၀၀ လောက်ပျက်စီးခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ