ပြစ်ဒဏ်ချ မြို့နယ်အလုပ်အမှုဆောင် ၆ ဦးကို ဒီချုပ်တာဝန် ပြန်ပေး

Image caption ရှမ်းပြည်နယ်ဟာ အန်အယ်လ်ဒီပါတီဝင်တွေနဲ့ ဗဟိုအလုပ်အမှုဆောင်တွေ နုတ်ထွက်မှု ၊ ထုတ်ပယ်ခံရမှု အများဆုံး ပြည်နယ်လည်း ဖြစ်

ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရတဲ့ အန်အယ်လ်ဒီရဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်အချို့က အလုပ်အမှုဆောင်တွေကို ဗဟိုကနေ စစ်ဆေးပြီးနောက် ပြစ်ဒဏ် ပယ်ဖျက်လိုက်ကြောင်း ပြစ်ဒဏ် ပယ်ဖျက်ခြင်း ခံရသူတွေက ဘီဘီစီကို ပြောပါတယ်။

ရပ်စောက်မြို့နယ်က မြို့နယ်အလုပ်အမှုဆောင် ၄ ဦးနဲ့ တောင်ကြီးမြို့နယ်က အလုပ်အမှုဆောင် ၂ ဦးတို့ကို ပြန်လည် တာဝန်ပေးအပ်ဖို့အတွက် မေလ ၂၈ ရက်နေ့ ရက်စွဲနဲ့ အန်အယ်လ်ဒီအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဗဟိုကနေ အကြောင်းကြားစာ ပေးပို့လာတယ်လို့ ပြစ်ဒဏ်ကနေ ပယ်ဖျက်ခြင်း ခံရတဲ့ ရပ်စောက်မြို့နယ်က ဦးအောင်ညွန့်က ပြောပါတယ်။

ရပ်စောက်မြို့နယ်က အန်အယ်လ်ဒီ အလုပ် အမှုဆောင်တွေဖြစ်တဲ့ ခွန်မောင်စိုး ၊ ဦးအောင်ညွှန့် ၊ ဒေါ်ခင်ညို နဲ့ ဒေါ်စုစုထွန်းတို့အပါအဝင် တောင်ကြီးမြို့နယ်က ၄ ဦးကိုပါ ပြန်လည် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ရပ်စောက်မြို့နယ်က အန်အယ်လ်ဒီ အလုပ်အမှုဆောင် ၆ ဦးကို အမေ့ရင်ခွင် ဆိုတဲ့ မော်တော်ယာဉ် သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်း ပိုင်ဆိုင်မှု အရေးနဲ့ ပတ်သက်လို့ မြို့နယ် ဥက္ကဌ ဦးမောင်မောင်စိန် အပါအဝင် ၁၄ ဦးက ရှမ်း ပြည်နယ် အန်အယ်လ်ဒီကို တိုင်ကြားခဲ့တဲ့အတွက် ပြည်နယ်ကနေ ရပ်စောက်မြို့နယ်က အလုပ်အမှုဆောင်တွေကို ပြစ်ဒဏ်ချမှတ်ထားခဲ့တာဖြစ်ပါတယ်။

အဲဒီယာဉ်လိုင်းဟာ ၂၀၁၃ ခုနစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး ပါတီရန်ပုံငွေအတွက် ရည်ရွယ်ခဲ့တာဖြစ်ကာ ပါတီအတွက် ရွေးကောက်ပွဲစားရိတ်တွေ ၊ အောင်နိုင်ရေးအတွက် သုံးဖို့အတွက် အလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ထူထောင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၅ ခုနစ်မှာ ရပ်စောက်မြို့နယ် အန်အယ်လ်ဒီ ဥက္ကဌအဖြစ် တာဝန်ယူထားသူနဲ့ ဘဏ္ဍာရေးမှူးတို့ကနေ အဲဒီယာဉ်လိုင်းဟာ ပါတီပိုင်မဟုတ်ဘဲ ပုဂ္ဂလိကပိုင် ဖြစ်တဲ့အကြောင်း ပြောဆိုရာကတဆင့် ရန်ပုံငွေသုံးစွဲဖို့ ထုတ်ယူရာမှာ အငြင်းပွားမှုတွေ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

မြို့နယ်ဥက္ကဌ ဦးမောင်မောင်စိန်ဟာ နောက်ပိုင်းမှာ ပြည်နယ် စည်းကမ်း ထိန်းသိမ်းရေးကော်မတီမှာ ပါဝင်လာခဲ့ပြီး ရှမ်းပြည်နယ် အန်အယ်လ်ဒီမှာ အဲဒီအမှုကို တိုင်ကြားခဲ့တဲ့အတွက် ပြည်နယ်ကနေ အလုပ်အမှုဆောင် ၂ ဦးကို သတိပေးအဆင့်သာ သတ်မှတ်ခဲ့ပြီး အလုပ်အမှုဆောင် ၄ ဦးကိုတော့ တာဝန်ကနေ ရပ်နားခဲ့တာပါ။

ပြည်နယ်အလုပ်အမှုဆောင် ဦးဇော်မင်းလတ် လက်မှတ်နဲ့ ၂၀၁၇ ခုနစ် စက်တင်ဘာလမှာ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

Image caption အန်အယ်လ်ဒီ ဗဟိုရဲ့ ရပ်စောက် အန်အယ်လ်ဒီအလုပ်အမှုဆောင်တွေကို ရာထူးပြန်ခန့်ကြောင်း ညွှန်ကြားစာ

အဲဒီနောက်မှာ ထုတ်ပယ်ခံရသူတွေက ဗဟိုအထိ အယူခံဝင်ပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ရပ်စောက်က အမှုဆောင် ၄ ဦးကို ပြန်ခန့်ကြောင်း ညွှန်ကြားချက် ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ပြစ်ဒဏ် ချမှတ်ခံရပြီး အခု ပြန်လည် ပယ်ဖျက်ခံရသူ ရပ်စောက်က အမှုဆောင် ၄ ဦးစလုံးဟာ ပါတီအတွက် တကယ် တက်တက်ကြွကြွ အလုပ်လုပ်သူတွေ ဖြစ်သလို သူတို့ပြန်လည် ခန့်အပ်ခံရတာဟာ ပါတီအတွက် ကောင်းတယ်လို့ ဆိုရမှာပါလို့ ပါတီကနေ ထုတ်ပယ်ခြင်း ခံခဲ့ရတဲ့ တောင်ကြီးခရိုင် အန်အယ်လ်ဒီ ပါတီ ဥက္ကဌဟောင်း ဦးတင်မောင်တိုးက ပြောပါတယ်။

တောင်ကြီးမှာတော့ ယခင်က ပါတီတွင်း ပြဿနာတွေကြောင့် အလုပ် အမှုဆောင်အဖွဲ့ကို ပြစ်ဒဏ်ချ ဖျက်သိမ်းတာတွေ လုပ်ခဲ့ပြီး မြို့နယ် စည်းရုံးရေး ကော်မတီ ပြန်ဖွဲ့ရာမှာ ယခင်က ပြစ်ဒဏ် ချမှတ်ခံထားရတဲ့ မြို့နယ် အလုပ်အမှုဆောင် ကော်မတီဝင် ၂ ဦး ပြန်လည် ရွေးချယ်ခံရတာ ဖြစ်ပါတယ်။

ပြည်နယ်နဲ့ ဒေသအလိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပါတီတည်ရှိမှုအရ ၂၀၁၅ နောက်ပိုင်း ရှမ်းပြည်နယ်ဟာ အန်အယ်လ်ဒီ ပါတီဝင်တွေနဲ့ အလုပ် အမှုဆောင်တွေ နုတ်ထွက်မှု ၊ ထုတ်ပယ်ခံရမှု အများဆုံး ပြည်နယ်လည်း ဖြစ်ပါတယ်။