ကလေးစစ်သား ပပျောက်ရေး အစိုးရက မြန်မြန် တုံ့ပြန်ဖို့ ကုလအရာရှိ တိုက်တွန်း

Image caption အစိုးရစစ်တပ် ခေါင်းဆောင်ပိုင်းနဲ့ပါ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့

မြန်မာနိုင်ငံထဲ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက် ပေါ်ပေါက် နေတဲ့ ဒေသတွေထဲ ကလေးသူငယ် အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကို စိုးရိမ်တယ် ဆိုပြီး ကုလသမဂ္ဂ အရာရှိ မစ္စ ဗဂျီးနီးယား ဂမ်ဘာက ပြောပါတယ်။

ကလေးသူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခ ဆိုင်ရာ ကုလသမဂ္ဂ အရာရှိ မစ္စ ဂမ်ဘာဟာ ၃ ရက်ကြာ မြန်မာပြည် ခရီးစဉ် အပြီး အခုလို ပြောခဲ့တာပါ။

ကလေးသူငယ် အခွင့်အရေး နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မေးမြန်းမှုတွေကို မြန်မာ အစိုးရက လနဲ့ချီ အချိန်ယူပြီးမှ တုံ့ပြန်တဲ့ အတွက် ဒါဟာ နှေးကွေး လွန်းတယ်လို့လည်း မစ္စ ဂမ်ဘာက ဝေဖန်ပါတယ်။

သူ့ရဲ့ ၃ ရက်ကြာ ခရီးစဉ် အတွင်း မြန်မာ အရပ်ဘက် အာဏာပိုင်တွေနဲ့ရော၊ အစိုးရ စစ်တပ် ခေါင်းဆောင်ပိုင်းနဲ့ပါ ပွင့်ပွင့်လင်းလင်း ဆွေးနွေး ခဲ့တယ်လို့တော့ မစ္စ ဂမ်ဘာက ဆိုပါတယ်။

Image caption ကလေး စစ်သား စုဆောင်းတဲ့ လုပ်ရပ် လုံးဝ ပပျောက်ဖို့ ဆွေးနွေး

ကလေး စစ်သား စုဆောင်းတဲ့ လုပ်ရပ် လုံးဝ ပပျောက်ဖို့ လက်တွေ့ စီမံ ဆောင်ရွက် ရမှာတွေနဲ့ ပတ်သက်ပြီး မစ္စ ဂမ်ဘာဟာ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ခဲ့သလို၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းနဲ့လည်း တွေ့ခဲ့ပါတယ်။

ကလေးစစ်သား အသုံးပြုမှု မရှိစေဖို့ မြန်မာ အစိုးရ စစ်တပ်နဲ့ ကုလသမဂ္ဂကြား ပူးပေါင်း ဆောင်ရွက်ရေး သဘောတူမှု တစ်စောင် ရှိနှင့်ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် စာချုပ်ပါ အချက်တွေ အပြည့်အဝ ဖော်ဆောင်တဲ့ အခါ ဘယ်အချက်တွေက အဟန့်အတား ဖြစ်နေစေလဲ ဆိုတာ ဆွေးနွေးဖို့ မစ္စ ဂမ်ဘာ မြန်မာပြည်ကို လာရောက် ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Image caption ကလေး စစ်သား ပပျောက်ရေး

ကုလသမဂ္ဂနဲ့ မြန်မာအစိုးရအကြား ကလေး စစ်သား ပပျောက်ရေး အတွက် ဆက်သွယ်ရေး ပိုမို ကောင်းမွန်အောင် လုပ်ရဦးမယ်လို့ မစ္စ ဂမ်ဘာက ပြောပါတယ်။

သူပြောခဲ့တဲ့အထဲ၊ ရိုဟင်ဂျာ အာဆာ အဖွဲ့ဟာ ကလေးတွေ အများကြီးကို အဖွဲ့ဝင်အဖြစ် စုဆောင်းပြီး၊ ပဋိပက္ခမှာ အသုံးပြုခဲ့တာ တွေ့ရတယ် ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။

ဆက်စပ် အကြောင်းအရာများ