စစ်တွေနဲ့ ကျောက်ဖြူမြို့ကြား ကနေ မုန်တိုင်း ဝင်လိမ့်မယ်

ဓာတ်ပုံ မူပိုင် MOI
Image caption အားကောင်းတဲ့ မုန်တိုင်းငယ် အဖြစ် မိုးဇလ သတိပေး

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ မေလ ၂၉ ရက်၊ အင်္ဂါညပိုင်း သန်းခေါင်းယံ မတိုင်ခင် ရခိုင်ပြည်နယ် ကမ်းရိုးတန်းကို ဖြတ်ကျော် ဝင်ရောက် နိုင်တယ်လို့ မြန်မာ အာဏာပိုင်တွေက သတိပေးထားပါတယ်။

စစ်တွေနဲ့ ကျောက်ဖြူမြို့ကြား ကနေ မုန်တိုင်း ဝင်လိမ့်မယ်လို့ မိုးဇလ ဌာနက ခန့်မှန်းထားပါတယ်။

မြန်မာ ကမ်းရိုးတလျှောက်မှာ မိုးသက် လေပြင်းတွေကျပြီး လှိုင်းအလွန်ကြီးမယ် လို့လည်း ထုတ်ပြန် ထားပါတယ်။

ဘင်္ဂလား ပင်လယ်အော်ထဲက မုန်တိုင်း အရှိန်ကြောင့် အင်္ဂါနေ့ အစောပိုင်းတုန်းက ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်ထဲ သစ်ပင်တွေ ကျိုးခဲ့ပြီး လူသေတဲ့ အထိ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် MOI
Image caption မာန်အောင်မြို့နယ်ထဲ လူတစ်ဦး သေဆုံး

အိမ်ပေါ်ကို အုန်းပင်ကျိုးကျခဲ့လို့ မျှော်တော်ဦး ဆိုတဲ့ ရွာမှာ အသက် ၇၈ နှစ် အရွယ် ဦးပြည့်ထွန်း သေဆုံး ခဲ့ရပြီး၊ ဇနီးသည်လည်း ဒဏ်ရာနဲ့ ဆေးရုံ တင်လိုက်ရပါတယ်။

နောက်ရွာ တစ်ရွာမှာလည်း မန်ကျည်းပင် ကျိုးကျလို့ အမျိုးသမီး တစ်ဦး ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှာလည်း မနက်အစောပိုင်းက လေပြင်း တိုက်ခိုက်ခဲ့ တာကြောင့် အိမ်ခြေ ၆၅ဝ ဝန်းကျင် ထိခိုက် ပျက်စီး ခဲ့ရတယ် ဆိုပြီး ဒေသခံ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

ဧရာဝတီတိုင်း ဒေသကြီးထဲက မြို့နယ် အချို့မှာလည်း မုန်တိုင်း အကြို ဒီရေ မြင့်တက် လာတာတွေ ရှိနေ ခဲ့တဲ့အတွက် ကမ်းရိုးတန်းသွားသ င်္ဘောတွေ ကမ်းကပ်ထားရ တယ်လို့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

Image caption ရွှေပြည်သာမှာ အိမ်ခြေ ရာနဲ့ချီ ပျက်စီး
Image caption ရွှေပြည်သာ အိမ်ခြေ ၆ဝဝ ကျော် ထိခိုက်

မုန်တိုင်းကြောင့် ရန်ကုန်နဲ့ ဧရာဝတီတိုင်းလို မြစ်ဝကျွန်းပေါ် ဒေသတွေမှာ သာမက မြန်မာနိုင်ငံ အလယ်ပိုင်းမှာလည်း လေပြင်းတွေ ကျနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

မိုးရာသီကာလ မုန်တိုင်းရာသီလို့ သတ်မှတ်ထားတဲ့ ဧပြီ၊ မေ အတွက် အခု တိုက်ခိုက်မယ့် အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ ပထမဆုံး မုန်တိုင်းဖြစ်ပါတယ်။

မုန်တိုင်းကြောင့် သက်ရောက်မှု ရှိနိုင်တဲ့ဒေသတွေမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ အရေးပေါ် တုံ့ပြန်သွားနိုင်ဖို့ အသင့် ပြင်ထားတယ် ဆိုပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင် ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ