ကချင်ပြည်နယ်မှာ HIV ဖြစ်ပွားကူးစက်မှု အမြင့်ဆုံးဖြစ်

တနိုင်ငံလုံးအတိုင်းအတာနဲ့ HIV ကူးစက်မှုနှုန်း ကျဆင်းနေပေမယ့် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်ဟာ တခြားတိုင်းဒေသကြီး ပြည်နယ် တွေထက် HIV ဖြစ်ပွားကူးစက်မှု အမြင့်ဆုံး ဖြစ်နေပါတယ်။

မေလ ၂၂ ရက်နေ့က မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့တဲ့ ကချင်ပြည်နယ် HIV/AIDS တိုက်ဖျက်ရေး အစီအစဉ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ အခုလို ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါး အကြောထဲထိုးသွင်းတဲ့သူတွေမှာ HIV ကူးစက်မှု မြင့်နေတာ တွေ့ရတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုခံအားကျမှုရောဂါ တိုက်ဖျက် ရေးဌာနရဲ့ စီမံချက်မန်နေဂျာ ဒေါက်တာ ထွန်းညွန့်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ HIV ကူးစက်ဖြစ်ပွားမှုနှုန်း အများဆုံးတွေရှိရတဲ့ ဒေသကြီး ၅ ခုကို ၂၀၁၇ ခုနှစ်က စတင်ပြီး သီးခြားရောဂါတိုက်ဖျက်ရေး စီမံကိန်း ဆောင်ရွက် ရာမှာ အခုလိုတွေ့ရှိရတာလို့ သူက ပြောပါတယ်။

HIV ကူးစက်ခံရတဲ့သူတွေထဲမှာ လူငယ်၊ လူရွယ်တွေ၊ ရွှေ့ပြောင်းလုပ်သားနဲ့ ကျောက်စိမ်းတွင်းတွေ၊ ရွှေတွင်းတွေမှာ လုပ်ကိုင်တဲ့သူတွေမှာ တွေ့ရတယ်လို့ ဒေါက်တာထွန်းညွန့်ဦးက ပြောပါတယ်။

တခြားဒေသတွေထက် ကူးစက်ဖြစ်ပွားမှုနှုန်း အများဆုံး တွေ့ရှိရလို့ ပြည့်စုံ ထိရောက်တဲ့ ကာကွယ်ရေး၊ ကုသရေး လုပ်ငန်းတွေကို ထိထိ ရောက်ရောက် လုပ်ဆောင်နိုင်ဖို့ မေ ၂၂ ရက်နေ့မှာ ပြည်နယ်အစိုးရ၊ ပြည်နယ်ကျန်းမာရေး ဦးစီးဌာန၊ အရပ်ဘက် အဖွဲ့တွေကိုပါ ခေါ်ယူ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images

ကချင်ပြည်နယ်ဟာ မြန်မာနိုင်ငံမှာ HIV ရောဂါပိုး ကူးစက်ဖြစ်ပွားမှုနှုန်း အမြင့်ဆုံး ဖြစ်နေပြီး ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ မန္တလေးတိုင်း တွေမှာလည်း တခြားတိုင်းနဲ့ပြည်နယ်တွေထက် HIV ဖြစ်ပွားမှု ပိုများနေတယ်လို့ ဒေါက်တာထွန်းညွန့်ဦးက ပြောဆိုပါတယ်။

မြန်မာတနိုင်ငံလုံးမှာ မူးယစ်ဆေးဝါးအကြောထဲ ထိုးသွင်းသုံးစွဲသူများအကြား HIV ကူးစက်သူ ၈ သောင်းကျော်ရှိနေပြီး ၂၈ ရာခိုင်နှုန်းက ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတာကို တွေ့ရှိရတာ ဖြစ်ပါတယ်။

အလယ်တန်း အထက်တန်း ကျောင်းသား လူငယ်တွေမှာတောင် မူးယစ်ဆေးဝါး သုံးစွဲမှု များနေတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာယုက ပြောပါ တယ်။