မုန်တိုင်းကြောင့် သေဆုံး ၊ ပျက်စီးမှုတွေရှိ

ဓာတ်ပုံ မူပိုင် May Thet's Facebook
Image caption တောင်ကြီးမြို့က အပျက်အစီးအချို့ကို တွေ့ရစဉ်

မေလ ၂၉ ရက်နေ့ ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်ဟာ ရခိုင်ရိုးမ အမ်းမြို့အနီးမှ ကုန်းတွင်းပိုင်းကို ဝင်ရောက်ဖြတ်ကျော်ခဲ့ပြီးနောက် ညောင်ဦးမြို့ရဲ့ အနောက်မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ပခုက္ကူနဲ့ အနောက်ဘက် မိုင် ၃၀ ဘက်မိုင် ၃၀ ခန့်အကွာ မြင်းခြံရဲ့ အနောက်တောင်ဘက် မိုင် ၅၀ ခန့်အကွာမှာ ဆက်ရှိနေမယ်လို့ မေလ ၃၀ ရက်နေ့ မနက် ၆ နာရီအချိန်မှာ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မုန်တိုင်းအရှိန်ကြောင် နေပြည်တော် စစ်ကိုင်း ၊ မန္တလေး ၊ မကွေး ၊ ပဲခူး ၊ ရန်ကုန် ၊ ဧရာဝတီ ၊ ကချင် ၊ ရှမ်း ၊ ချင်း ၊ ရခိုင် ၊ ကယား ၊ ကရင် နဲ့ မွန် ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးရွာပြီး နေပြည်တော် ၊ စစ်ကိုင်းတိုင်း အောက်ပိုင်း ၊ မန္တလေး ၊ မကွေး ၊ နဲ့ ရခိုင်စတဲ့ ပြည်နယ်နဲ့တိုင်းတွေမှာ တနာရီကို ၃၅ မိုင်အထိ လေပြင်းတွေ တိုက်ခတ်နိုင်တယ်လို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာတော့ မနေ့က ဖြတ်ကျော်ခဲ့တဲ့ မုန်တိုင်းကြောင့် အနည်းဆုံး ၃ ဦး သေဆုံးတယ်လို့ ရခိုင်အခြေစိုက်ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

၃ ဦးစလုံးဟာ မာန်အောင်က ဖြစ်ပြီး အဲဒီထဲက နှစ်ဦးဟာ လင်မယားတွေဖြစ်ကာ မာန်အောင်မြို့နယ်၊ အိုး၀ အုပ်စု၊ ကံလက်ကျေးရွာမှာ အိမ်ပေါ်ကို ဝါးပင်တွေ လဲကျလာတဲ့အတွင် ခုတ်လှဲရာမှ လျှပ်စစ်က ဝါးပင်ကို ကူးနေတဲ့အတွက် ဓာတ်လိုက်သေဆုံးတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် MOI
Image caption မာန်အောင်မြို့နယ်ထဲက ပျက်စီးမှုအချို့

မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်အတွင်း အခြားပျက်စီးမှုတွေလည်း ရှိနေပါတယ်။

ပုသိမ် ၊ ဘားအံ စတဲ့ မြို့တွေမှာလည်း မေလ ၂၉ ရက်နေ့က လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် နေအိမ်အချို့နဲ့ စာသင်ကျောင်းဆောင်အချို့ ပျက်စီးခဲ့ရပါတယ်။

ရန်ကုန်က ရွှေပြည်သာမှာတော့ မေလ ၂၉ ရက်နေ့ မနက်အစောပိုင်းက လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ်အလုံး ၆၀၀ ကျော်ပျက်စီးသွားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် SH
Image caption ရွှေပြည်သာကတော့ အိမ်ခြေ ၆၀၀ ကျော်ပျက်စီးတယ်

ရှမ်းပြည်မြို့တော် တောင်ကြီးမှာတော့ မေလ ၃၀ ရက်နေ့ မနက်အစောပိုင်း လေပြင်းတွေတိုက်ခတ်ခဲ့ပြီး မြို့ထဲ ရပ်ကွက်တွေမှာ သစ်ပင်တွေ ကျိုးကျတာ ဖုန်းတိုင်တွေ ပြိုလဲတာတွေ ဖြစ်ကုန်တယ်လို့ တောင်ကြီး အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းထောက်က မေလ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။

ကုန်တိုင်းပိုင်း မုန်တိုင်းငယ်အရှိန်ကြောင့် လေပြင်းတိုက်ခတ်မှုတွေ ၊ မိုးကြီးမှုနဲ့ ရေကြီး မြေပြိုမှုတွေ ဖြစ်နိုင်တဲ့အတွက် သတိပြုကြဖို့ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက သတိပေးထားပါတယ်။

ဆက်စပ် အကြောင်းအရာများ