မုန်တိုင်းကြောင့် ရခိုင်မှာ အနည်းဆုံး ၃ ဦး သေဆုံး

Image caption လေပြင်းတိုက်ခတ်အပြီး သစ်ပင်တွေ ပြိုလဲခဲ့တဲ့ တောင်ကြီးမြို့က မြင်ကွင်း

ရခိုင်ပြည်နယ်အတွင်း မုန်တိုင်း ဖြတ်ကျော် တိုက်ခတ်သွားတဲ့ အတွက် လူသေဆုံးမှု ရှိခဲ့သလို အိမ်တွေ ရာချီ ပျက်စီးခဲ့ပါတယ်။

မေလ ၂၉ ရက်က မြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်ကို ဖြတ်ကျော်ပြီး ကုန်းတွင်းပိုင်းကို ဝင်ရောက် တိုက်ခတ်သွားတဲ့ မုန်တိုင်းကြောင့် မာန်အောင်မြို့နယ်မှာ အသက် ၇၈ နှစ်အရွယ် အမျိုးသား တဦး သေဆုံးခဲ့သလို မာန်အောင်မြို့နယ် ကံလက်ကျေးရွာမှာလည်း လေတိုက်နေစဉ်မှာ အိမ်ခေါင်မိုးကို လာရိုက်တဲ့ ဝါးကို သွားခုတ်ရာကနေ ဓာတ်လိုက်ပြီး လင်မယားနှစ်ဦး သေဆုံးခဲ့ပါတယ်။

သံတွဲမြို့နယ်မှာတော့ ငါးဖမ်းလှေ တစီး နစ်မြုပ်ခဲ့ရာမှာ တဦး ပျောက်ဆုံးနေပြီး တဦးကတော့ ကမ်းဘက်ကို မျောပါလာတဲ့ အတွက် အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

လေပြင်းဒဏ်ကြောင့် သံတွဲနဲ့ ကျောက်ဖြူ ခရိုင်တွေမှာ အိမ်ခြေ ၁ဝဝ ကျော်၊ စာသင်ကျောင်း ၂ဝ နီးပါး ထိခိုက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်တွေခရိုင်နဲ့ မြောက်ဦးခရိုင်မှာလည်း ဓာတ်မီးတိုင်တွေ လဲပြိုကျတာတွေ ရှိခဲ့သလို ကားလမ်းတွေလည်း ပိတ်မိနေတာ တချို့ ရှိခဲ့ပါတယ်။

မုန်တိုင်းကြောင့် သေဆုံး ၊ ပျက်စီးမှုတွေရှိ

မုန်တိုင်း အရှိန်ကြောင့် နှစ်ရက်ဆက်တိုက် မိုးရွာအပြီး ပြည်မြို့ နေရာ အတော်များများမှာ ရေကြီး ရေလျှံတာတွေရှိခဲ့ပြီး တချို့နေရာတွေမှာတော့ ခါးတဝက်လောက် အထိ ရေလျှံ မြင့်တက်တာတွေ ရှိခဲ့တယ်လို့ ပြည်မြို့ခံတွေကပြောပါတယ်။

တောင်ကြီးမြို့မှာလည်း သစ်ပင်တွေ ပြိုလဲတာတွေ ရှိခဲ့သလို ရန်ကုန်တိုင်းက မြို့နယ် အတော်များများမှာလည်း သစ်ပင်ပြိုလဲတာတွေ အိမ်တွေ ပျက်စီးတာတွေရှိခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ မိုးရွာအပြီး ရေတွေ လမ်းပေါ် လျှံတက်ခဲ့

မုန်တိုင်းမိုးကြောင့် ရေကြီး ရေလျှံခဲ့တဲ့ထဲမှာ ပြည်မြို့က အဆိုးဆုံး ဖြစ်ပေမယ့် မန္တလေးတိုင်း ငါန်းဇွန်မြို့ အဝင် တံတားမှာ ရေကျော်တာရှိခဲ့သလို မကွေးတိုင်း ရေစကြိုမြို့နယ် ဇီးတောကျေးရွာအနီး ကားလမ်းမပေါ်အထိ ရေကျော်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် တချို့ လာရောက် ကူညီပေးခဲ့ရတယ်လို့ သိရပါတယ်။

လူဦးရေ နှစ်သိန်းကျော် ရှိတဲ့ ပြည်မြို့မှာ ဧရာဝတီမြစ်ရေ မြင့်တက်လာတဲ့ အချိန်မှာ ရေကြီးမှုဒဏ်ကို အဆိုးဆုံး ရင်ဆိုင်ရလေ့ရှိပါတယ်။

အခု လာမယ့် ဇွန်လ မိုးရာသီကာလမှာ မြစ်ကြီး ၁၂ ခုလုံးမှာ ရေအမြင့်ပေ ပြန်လည်မြင့်တက်လာနိုင်တဲ့ အခြေအနေ ရှိနေပြီး ဧရာဝတီမြစ်ရေဟာ လက်ရှိထက် ၁၅ ပေကနေ ပေ ၂ဝ ခန့်အထိ မြင့်တက်လာနိုင်တဲ့ အတွက် သတိပြု နေထိုင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ