အိမ်ဖော်သေဆုံးမှု တပ်မတော် လာစစ်ဆေး

ဓာတ်ပုံ မူပိုင် Daw Moe Moe Su Kyi Facebook
Image caption သေဆုံးသူ မကရင်မ အိမ်ကိုလာကြတဲ့ အုတ်ဖိုရွာသားတွေ

လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာ တပ်ရင်း အရာရှိ ရိပ်သာမှာ နေတဲ့ ဗိုလ်မှူး ကတော် ဒေါ်သိင်္ဂီစု နှိပ်စက်လို့ အိမ်ဖော် အမျိုးသမီး သေဆုံးခဲ့ရတယ် ဆိုတဲ့ အမှုနဲ့ ပတ်သက်လို့ တပ်မတော် အရာရှိတွေပါတဲ့ အဖွဲ့က အဲဒီ အိမ်ဖော်ရဲ့ ရွာက အုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေကို သွားရောက် စုံစမ်း မေးမြန်း ခဲ့ကြပါတယ်။

ရွာလူကြီးတွေကို တွံတေးမြို့နယ် ရဲစခန်းမှာ မေလ ၃ဝ ရက်က ခေါ်ယူ စစ်မေး ခဲ့တာဖြစ်ပါတယ်။

စစ်တပ်အရာရှိ ဇနီး နှိပ်စက်လို့ အိမ်ဖော် သေဆုံး

အိမ်ဖော် အမျိုးသမီးကို ပြန်လိုက်ပို့တုန်းက ဒေါ်သိင်္ဂီစုရဲ့ ခင်ပွန်း ဗိုလ်မှူးပါ ပါမပါ ဆိုတာ သံချပ်ကာ တပ်ရင်းက ဗိုလ်မှူးမျိုးကျော်သူက ရွာလူကြီး တွေကို လာမေးတာဖြစ်ပြီး တကယ်လို့ လိုက်ပါ လာတယ် ဆိုရင် တပ် စည်းကမ်းအရ အရေးယူနိုင်အောင် လာစုံစမ်းတာလို့ ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇင်းဦးက ဘီဘီစီကို ပြောပါတယ်။

ကိုယ်တိုင် မေးမြန်း ခံခဲ့ရသူ ခတ္ထိယ ကျေးရွာ အုပ်ချုပ်ရေးမှူး ကိုဝဏ္ဏစိုးက သူနဲ့ ရပ်မိရပ်ဖ နောက်ထပ် လေးယောက်ကို ဗိုလ်မှူးအဆင့်ရှိသူက လာရောက် မေးမြန်းခဲ့တယ်လို့ ပြောပါတယ်။

မကရင်မကို လာပို့ခဲ့တုန်းက ဒေါ်သိင်္ဂီစုရဲ့ ခင်ပွန်း ဗိုလ်မှူးပါမပါ ဆိုတာအပြင် ဘယ်သူတွေ ပါဝင်တယ်၊ ဘယ်သူတွေ အနားမှာ ရှိနေခဲ့တယ် ဆိုတာတွေ သူ့ကို မေးခဲ့တယ်လို့ ကိုဝဏ္ဏစိုးကပြောပါတယ်။

သူတို့ကလည်း လာပို့တုန်းက ဗိုလ်မှူး မပါတဲ့ အကြောင်းပြောလိုက်တယ်လို့ ဆိုပါတယ်။

အခုလာရောက် မေးမြန်းခဲ့တာတွေကို ရေးသား မှတ်ယူသွားပြီး မှန်ကန်ကြောင်း လက်မှတ်ထိုးဖို့ နောက်တခါ ပြန်လာဦးမယ်လို့ လာစစ်တဲ့ ဗိုလ်မှူးက ပြောတယ် လို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် U Kyaw Zin Oo Facebook
Image caption ကျန်ရစ်တဲ့ကလေးတွေအတွက် ရပ်မိရပ်ဖတွေနဲ့ လွှတ်တော် အမတ်တွေကူညီနေ

ဒါ့အပြင် အဲဒီဗိုလ်မှူးကပဲ တွံတေး ရဲစခန်းမှာ ချုပ်နှောင်ထားတဲ့ ဒေါ်သိင်္ဂီစုကို အင်းစိန် အကျဉ်းထောင်ကို ပြောင်းရွှေ့ခေါ်သွားပြီလို့ ပြောကြောင်း ကိုဝဏ္ဏစိုးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၈ ရက်ကတော့ တွံတေးမြို့နယ်မှူးနဲ့ ခလောက်ချိုင်ရွာ ရဲစခန်းမှူးတို့က အင်းတိုင်က ဒေါ်သိင်္ဂီစု နေအိမ်ကို သွားပြီး သက်သေခံ ပစ္စည်းတွေ သိမ်းယူ ခဲ့ကြတယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇင်ဦးက ပြောပါတယ်။

မေလ ၁၉ ရက် မနက်က မကရင်မ ကို ဒေါ်သိင်္ဂီစုက ပြန်လာပို့အပြီး နာရီပိုင်း အတွင်းမှာ သေဆုံးသွားခဲ့ ပြီးနောက် သူ့ကို ဖမ်းဆီး ချုပ်နှောင်ထားခဲ့ပါတယ်။

မေလ ၂၁ ရက်မှာတော့ အုတ်ဖိုကျေးရွာ ရာအိမ်မှူးက တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ကျန်ရစ်သူ မကရင်မ မိသားစုအတွက် ဥပဒေကြောင်းအရ အကူအညီပေးနိုင်ဖို့ ရပ်မိရပ်ဖတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ တိုင်ပင် ဆောင်ရွက်နေကြပါတယ်။