စစ်မြေပြင်မှာ အရပ်သားလမ်းပြ အသုံးပြုမှု ဆွေးနွေးခွင့်မရ

ဓာတ်ပုံ မူပိုင် Shan Herald News Agency
Image caption ရှမ်းပြည်နယ်လွှတ်တော်

စစ်မက်ရေးရာ ကိစ္စတွေနဲ့ စစ်မြေပြင်တွေမှာ စစ်တပ်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ အရပ်သားတွေကို လမ်းပြအဖြစ် အသုံးပြုနေမှုတွေကို ကန့်ကွက်ကြောင်းအဆိုကို ရှမ်းပြည်နယ်လွှတ်တော်မှာ လွှတ်တော် အမတ်တဦးကနေ တင်သွင်းဆွေးနွေးခွင့်ရဖို့ ကြိုးစားခဲ့ပေမယ့် အခုပြန်စနေတဲ့ လွှတ်တော်အစည်းအဝေးတွေမှာ အဲဒီအဆိုကို ဆွေးနွေးခွင့်မရခဲ့ပါဘူး။

ဒီအဆိုကို ဆွေးနွေးခွင့်ရဖို့အတွက် ကျောက်မဲမြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်ဟာ လွှတ်တော်အစည်းအဝေး ပြန်မစခင် ၁၈ ရက်အလိုကတည်းက စာရင်းသွင်းထားခဲ့တာ ဖြစ်တယ်လို့ ဦးစိုင်းထွန်းဉာဏ်က ဘီဘီစီကို ပြောပါတယ်။

သူ့အဆိုဟာ အစိုးရ စစ်တပ်တခုတည်းကို ရည်ရွယ်တာ မဟုတ်ဘဲ လက်နက်ကိုင် တပ်ဖွဲ့အားလုံးကို ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။

အခုကျင်းပနေတဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးတွေမှာ သူ့အဆို ဆွေးနွေးဖို့ အစည်းအဝေး အစီအစဉ်မှာ ပါမလာတဲ့အတွက် လွှတ်တော်ရုံး ညွှန်ကြားရေးမှူးဆီ ဆက်သွယ်မေးမြန်းခဲ့ရာမှာ လွှတ်တော် ဥက္ကဋ္ဌဘက်က ဆွေးနွေးဖို့ သဘောတူထားပြီး အစိုးရရုံးဘက်ကို စာပို့ခဲ့ပေမယ့် ရှမ်းအစိုးရရုံးဘက်က ဘယ်လက်နက်ကိုင်ကို ရည်ညွှန်းမှန်းမသိတဲ့အတွက် အစိုးရဘက်ကဆိုင်းငံ့ထားကြောင်း လွှတ်တော်ရုံးညွှန်ကြားရေးမှူးက ပြန်လည် ဖြေဆိုခဲ့တယ်လို့ ဦးစိုင်းထွန်းဉာဏ်က ပြောပါတယ်။

လွှတ်တော် နည်းဥပဒေအရတော့ အဆိုကို လက်ခံမခံဆိုတာ တရားဝင်စာနဲ့ အကြောင်းပြန်ကြားရတာဖြစ်ပြီး အခုလို ကြိုတင်ထားတဲ့အဆိုကို လွှတ်တော် အစည်းအဝေးမှာ ဆွေးနွေးခွင့်မရကြောင်း တရားဝင်စာနဲ့ ကြိုတင် အကြောင်းကြားတာ မရှိဘူးလို့ ဦးစိုင်းထွန်း ဉာဏ်က ပြောပါတယ်။

သူ့အနေနဲ့ အဲဒီအဆိုတင်သွင်းခွင့်အတွက် စာကို မေလ ၁ဝ ရက် ကတည်းက တင်ခဲ့တာဖြစ်ပြီး လွှတ်တော်တက်ဖို့ တောင်ကြီးကို ရောက်လာတဲ့ မေလ ၂၉ ရက်မှ အစည်းအဝေး အစီအစဉ်ကို ကြည့်ပြီး အဆိုဆွေးနွေးခွင့် မရကြောင်း သိရတဲ့အတွက် အခုလို တရားဝင်အကြောင်းကြားမှု မရှိတာဟာ လက်လွတ်စပယ် ဆန်လွန်းတယ်လို့ သူက ပြောပါတယ်။

နောက်ပိုင်းနှစ်တွေအတွင်း အစိုးရတပ်မတော်ဘက်ကတော့ စစ်မြေပြင်မှာ အရပ်သားပေါ်တာ အသုံးပြုမှုတွေ မရှိတော့သလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အပြစ်ပေးအရေးယူနေတယ်လို့ ပြောဆိုထားတာပါ။

ပြီးခဲ့တဲ့ မေလ ၃ ရက်က ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာနေ လုံးလှကျော်ဆိုသူ ရှမ်းအမျိုးသားတဦးကို အဲဒီရွာကို ရောက်လာတဲ့ အစိုးရစစ်တပ်ဘက်က ရွာနဲ့မနီးဝေးမှာရှိနေတဲ့ တီအန်အယ်လ်အေ ခေတ္တစခန်းချ သွားခဲ့ရာ အရပ်ကို လမ်းပြအဖြစ် ခေါ်ဆောင်သွားခဲ့ပြီး မိုင်းနင်းမိတဲ့အတွက် လမ်းပြအဖြစ် ခေါ်ဆောင်ခံရသူ အရပ်သားဟာ ဒဏ်ရာရခဲ့တယ်လို့ ဦးစိုင်းထွန်းဉာဏ်က ပြောပါတယ်။

သူတို့ကျောက်မဲဒေသမှာ အဲဒီလို ကိစ္စတွေအပါအဝင် အခြားလက်နက်ကိုင်တွေဘက်ကလည်း လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိနေတဲ့အတွက် အခုလို ကိစ္စတွေ ပပျောက်အောင် လွှတ်တော်မှာ အဆိုတင်သွင်း ကန့်ကွက် ရှုတ်ချဖို့ ကြိုးစားရတာလို့ သူက ပြောပါတယ်။

စစ်မက်ရေးရာနဲ့ စစ်မြေပြင်အတွင်း လမ်းပြအဖြစ် အရပ်သားတွေကို ခေါ်ဆောင်မှုကို ခွင့်မပြုကြောင်း စစ်တပ်အရာရှိကြီးတွေက ပြောနေပေမယ့် အောက်ခြေမှာတော့ လမ်းပြအဖြစ် ခေါ်ဆောင်ခံရမှုတွေရှိနေပြီး မကြာခဏ သေကျေဒဏ်ရာရတာတွေ ဖြစ်နေတယ်လို့ ဦးစိုင်းထွန်းဉာဏ်က ဘီဘီစီကို ပြောပါတယ်။