ဟားခါးမီး လူသေဆုံး၊ သိန်းရာချီ ပျက်စီး

ပုလဲ စတိုး တခုတည်းမှာပဲ မီးလောင်သွားတဲ့ တန်ဖိုးက များတယ်လို့ ပြောဆိုနေ

ဓာတ်ပုံ ရင်းမြစ်, MOI facebook

ဓာတ်ပုံ ပုံစာ,

ပုလဲ စတိုး တခုတည်းမှာပဲ မီးလောင်သွားတဲ့ တန်ဖိုးက များတယ်လို့ ပြောဆိုနေ

ချင်းပြည်နယ် ဟားခါးမြို့မှာ မေ ၃၁ ရက် ကြာသပတေးနေ့ မနက် အစောပိုင်းက မီးလောင်မှုကြောင့် လူသေဆုံးမှု ရှိခဲ့သလို၊ သိန်းရာနဲ့ချီ ပျက်စီး ဆုံးရှုံးခဲ့ ရပါတယ်။

ဟားခါးမြို့လယ် ခေါင်လို့ ပြောလို့ရတဲ့ မြို့လမ်းဆုံမှာ ရှိတဲ့ နေအိမ် နဲ့ဆိုင်ခန်းတွေ မီးလောင်ခဲ့တာ ဖြစ်ပြီး အမျိုးသမီး ၃ ဦး သေဆုံးခဲ့ တယ်လို့ သိရပါတယ်။

ဒီနှစ်အတွင်း လောင်တဲ့ မီးတွေ ထဲမှာ ဆုံးရှုံးမှု တန်ဖိုး အများဆုံးနဲ့ ငြှိမ်းသတ်ချိန် အကြာဆုံး မီးလည်းဖြစ်ပါတယ်။

မီးလောင်ကျွမ်းခဲ့တဲ့ နေအိမ်တွေဟာ အိမ်နဲ့ ဆိုင်ခန်း တွဲပြီး ဖွင့်လှစ် ထားတဲ့ အိမ်တွေဖြစ်ပါတယ်။

စတိုးဆိုင်နဲ့ တွဲလျက် နေအိမ်က လူ ၃ ဦး ရှိတဲ့ အနက် အသက် ၈၀ ကျော် ဆိုင်ပိုင်ရှင် အမျိုး သမီးကြီး တဦး သေဆုံးခဲ့ပြီး သူမရဲ့ သမီး ဖြစ်သူ လင်မယား ကတော့ မီးထဲ ကနေ ထွက်ပြေး လာနိုင် ခဲ့တယ် လို့ ဟားခါးမြို့ခံတွေ ကပြောပါတယ်။

မနက် ၁ နာရီခွဲ ကျော်မှာ စတင် လောင်ကျွမ်း ခဲ့တာဖြစ်ပြီး မီးလောင် ရာမှာ သေဆုံးသွား ခဲ့တဲ့ အမျိုး သမီး ၃ ဦး အနက် ၂ ဦးဟာ စတင် လောင်ကျွမ်းတဲ့ အိမ်က သား အမိ ၂ ဦး ဖြစ်ပါတယ်။

သမီးဖြစ်သူ မဗမ်ဗွေဇီးဟာ ဩစတြေးလျ နိုင်ငံမှာ နေထိုင်ရာ ကနေ မိခင် ဖြစ်သူ နေမကောင်းလို့ ပြန်လာ ပြုစုစဉ် မီးထဲ ပါပြီး သေဆုံး သွားခဲ့ ရတာ ဖြစ်တယ်လို့လည်း ဟားခါး မြို့ခံတွေ ကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI facebook

ဓာတ်ပုံ ပုံစာ,

မိခင် ဖြစ်သူ နေမကောင်းလို့ ပြန်လာ ပြုစုစဉ် မီးထဲ ပါပြီး သေဆုံး သွားခဲ့

မီးစတင် လောင်ကျွမ်းတဲ့ နေအိမ်က အိပ်မောကျ နေတဲ့ အတွက် ဘေးပတ်ဝန်းကျင်က သတင်းပေး ပေးချင်း စတင် ထွက်ခွာခဲ့ ပေမယ့် မီးသတ်ဌာန ကရောက်ရှိတဲ့ အချိန်မှာတော့ စလောင်တဲ့ အိမ်ဟာ တအိမ်လုံးနီးပါး လောင်ပြီးနေပြီလို့ ပြည်နယ် ဒုတိယ မီးသတ် ဦးစီးမှူး ဖြစ်တဲ့ ဦးသန်းထိုက်က ဘီဘီစီကိုပြောပါတယ်။

ဆိုင်ခန်း ၄ ခန်း အပါဝင် နေအိမ် ၂ လုံးပျက်စီး ဆုံးရှုံးခဲ့တဲ့ ဒီမီးလောင်မှုရဲ့ ဆုံးရှုံးမှု တန်ဖိုးဟာ ကျပ်သိန်း ၂၈၀ ကျော် ရှိတယ်လို့ မီးသတ် ဦးစီးဌာနက ထုတ်ပြန်ထား ပေမယ့် ဒေသခံတွေ ကတော့ မီးလောင်ရာမှာ ပါသွားတဲ့ ပုလဲ စတိုး တခုတည်းမှာပဲ မီးလောင်သွားတဲ့ တန်ဖိုးက အဲ့ဒီတန်ဖိုးထက် မက များတယ်လို့ ပြောဆို ဝေဖန် နေတာတွေလည်း ရှိနေ ပါတယ်။

မီးစတင် လောင်ကျွမ်းတာဟာ သေဆုံးသွားတဲ့ ဒေါ်ဝေကျဲ နေအိမ် မီးဖိုချောင် ကနေ စတင်လောင်ကျွမ်း ခဲ့တာလို့ ဒေသခံတွေက ပြောဆို နေကြ ပေမယ့် မီးစတင် လောင်ကျွမ်းရတဲ့ အကြောင်းအရင်း ကို မီးသတ် ဌာနက အတည် မပြုနိုင်သေးပဲ စိစစ် နေဆဲဖြစ်တယ်လို့ ပြောဆိုထားပါတယ်။