ရခိုင်မြောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖို့ ကော်မရှင်ဖွဲ့မယ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၇ သြဂုတ်လ ကတည်း က ဖြစ်ခဲ့တဲ့ လုံခြုံရေး ရှင်းလင်းမှုတွေကြောင့် တဖက် နိုင်ငံကို အများအပြား ထွက်ပြေး

ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကို ထွက်ပြေး ခဲ့ကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် တွေ မိမိတို့ သဘောဆန္ဒ အလျှောက် လုံခြုံ ဘေးကင်းစွာ ပြန်လာ နိုင်ရေး အတွက် လိုအပ်တဲ့ အခြေအနေတွေ ဖန်တီးပေးရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်း ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ နဲ့ မြန်မာ အစိုးရ တို့ အကြားမှာ သဘောတူညီမှု ရလာပါတယ်။

သဘောတူခဲ့ကြတဲ့ အထဲ ကုလသမဂ္ဂ အေဂျင်စီ တွေ အနေနဲ့ ပဋိပက္ခ တွေ ဖြစ်ပွား ခဲ့ရာ ရခိုင် ပြည်နယ် ထဲ ကို ဝင်ရောက်ပြီး လက်ရှိ မြေပြင် အခြေအနေတွေကို လေ့ လာခွင့် ရရှိဖို့ ဆိုတဲ့ အချက် ပါဝင်တယ်လို့ ကုလသအမဂ္ဂ အဖွဲ့က ပြောပါတယ်။

ဒီလို လေ့လာနိုင်ခြင်းအားဖြင့် ဒုက္ခသည်တွေ အနေနဲ့ ပြန်လာသင့် မလာသင့် ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်တဲ့ အခါ အထောက်အကူ ပြုစေနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP တို့နဲ့ မြန်မာအစိုးရ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဦးစီးဌာနတို့ကြား နားလည်မှုစာချွန်လွှာ MOU မှာ ပါဝင်မယ့် စာသားတွေကို မေလ ၃၁ ရက် ကြာသပတေးနေ့က သဘောတူ လက်မှတ် ထိုးခဲ့ကြတာ ဖြစ်ပြီး ဒါကို MOU ကို ကနဦး လက်မှတ်ရေးထိုးတာ ဆိုပြီး သုံးစွဲပါတယ်။

Image caption ၇ သိန်းကျော် ထွက်ပြေးခဲ့ရတယ်လို့ ကုလပြော

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းတွေထဲ ရောက်နေတဲ့ သိန်းပေါင်းများစွာသော ဒုက္ခသည်တွေဟာ ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေတာ ဖြစ်လို့ သူတို့ ပြန်လာမယ့် အခြေအနေတွေ ဖန်တီး ပေးနိုင်ဖို့ ဒီ MOU က အရေးကြီးတယ် ဆိုပြီး မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် မစ္စတာ ကနွတ် အော့စ်ဘီ Knut Ostby က ဘီဘီစီကို ပြောပါတယ်။

MOU ကို လာမယ့် သီတင်းပတ်မှာ အတည် လက်မှတ်ရေးထိုးမယ် ဆိုပေမယ့် စာသားတွေက သဘောတူပြီး ဖြစ်လို့ အကောင်အထည်ဖော် ဆောင်ရွက်စရာတွေ အတွက် အခုကတည်းက စတင် ပြင်ဆင် နေပြီလို့ မစ္စတာ အော့စ်ဘီက ပြောပါတယ်။

၂ဝ၁၇ ခုနှစ် ဩဂုတ်လ တိုက်ခိုက်မှုတွေ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေး ခဲ့ကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။

Image caption မုတ်သုံရာသီဝင်လာလို့ ပြင်ဆင်နေကြရ

ဒီအချိန်မှာပဲ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နဲ့ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းသွားမယ် ဆိုပြီး မြန်မာ အစိုးရ က ကြေညာ လာပါတယ်။

အဲဒီ စုံစမ်းရေး အဖွဲ့မှာ နိုင်ငံတကာက ပုဂ္ဂိုလ်ကြီး တစ်ယောက် အပါအဝင် အဖွဲ့ဝင် ၃ ယောက် ရှိမှာ ဖြစ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာက ဥပဒေနဲ့ နည်းပညာ ကျွမ်းကျင်သူတွေ ဝိုင်းဝန်း ပံ့ပိုးပေးမှာ ဖြစ်တယ်လို့ မြန်မာ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

ရခိုင်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းမယ် ဆိုတဲ့ မြန်မာ အစိုးရ ရဲ့ခြေလှမ်းကို မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီရုံးများရဲ့ အကြီးအကဲ မစ္စတာ အော့စ်ဘီက ကြိုဆိုခဲ့ပါတယ်။

Image caption လုံခြုံရေး အာမခံချက်နဲ့ နိုင်ငံသား ဖြစ်ခွင့်ရှိဖို့ နိုင်ငံတကာ တိုက်တွန်းနေ

ဒုက္ခသည်တွေဟာ မြန်မာပြည်ထဲ ပြန်ဝင်လာရေးမှာ သူတို့ရဲ့ လုံခြုံရေး အတွက် စိတ်ချရမှု မရှိသေးတဲ့ အပေါ် စိုးရွံ့ နေကြဆဲ ဖြစ်သလို နိုင်ငံသား အဖြစ် အသိအမှတ် ပြုမလား ဆိုတာလဲ မေးခွန်းကြီးသဖွယ် ဖြစ်နေပါတယ်။

ပြန်ဝင်လာမယ့် ဒုက္ခသည်တွေ အနေနဲ့ လူမှုအသိုင်းအဝိုင်းထဲက တခြားသူတွေ ရသလိုပဲ နိုင်ငံသား ဖြစ်ခွင့် လမ်းကြောင်းကို ပါဝင် လျှောက်လှမ်းနိုင်ခွင့် ရှိဖို့ လိုအပ်သလို လွတ်လပ်စွာ သွားလာခွင့် လိုမျိုး ရရှိမှပဲ လူတယောက် အခြေခံ လိုအပ်ချက်တွေကို လက်လှမ်း မီနိုင်မှာ ဖြစ်တယ်လို့ မစ္စတာ အော့စ်ဘီက ပြောပါတယ်။

သိန်းချီ ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ မဝေးတဲ့ ကာလအတွင်း ပြန်လာနိုင်ဖို့ လက်တွေ့ တကယ် မျှော်မှန်း ထားလားလို့ ဘီဘီစီက မေးရာမှာတော့ မစ္စတာ အော့စ်ဘီက လက်တွေ့ကွင်းမှာ ဖြစ်နေတဲ့ အခြေအနေတွေကို သူတို့နဲ့ မြန်မာအစိုးရတို့ ဘယ်လောက် ကောင်းမွန် တိုးတက်အောင် လုပ်နိုင်သလဲ ဆိုတဲ့ အခြေအနေ ပေါ်မှာ မူတည်ပါကြောင်း ဖြေကြားခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာ မိန်းကလေးတွေ လူကုန်ကူးခံနေရ