ကွန်ပျူတာ ကျွမ်းကျင်ဝန်ထမ်းမရှိလို့ တပ်မတော်သားတွေကို အရပ်ဘက်ဌာနမှာ ပြောင်းရွှေ့ခန့်ထား

အန်အယ်လ်ဒီ အစိုးရ, ဒုတိယနှစ်, တပ်မတော်သား , အရပ်ဘက်ဌာနပြောင်းရွှေ့

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ,

အန်အယ်လ်ဒီ အစိုးရလက်ထက် ဒုတိယနှစ်ကာလအတွင်း တပ်မတော်သား ၆၆ ဦးကို အစိုးရလက်အောက်က အရပ်ဘက်ဌာနတွေမှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခဲ့

NLD အစိုးရလက်ထက် ဒုတိယနှစ်ကာလအတွင်း တပ်မတော်သား ၆၆ ဦးကို အစိုးရလက်အောက်က အရပ်ဘက်ဌာနတွေမှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခဲ့တယ်လို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ တာဝန်ရှိသူ တွေက နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အဲဒီ ၆၆ ဦးထဲက ၉ ဦးကတော့ ကာကွယ်ရေးဝန်ကြီးဌာနကနေ အရပ်ဘက် ဝန်ကြီးဌာနကို ပြောင်းရွှေ့တဲ့ ပြန်တမ်းဝင် အရာရှိတွေဖြစ်ပါတယ်။

ကျန်တဲ့ ၅၇ ဦးကတော့ ပြန်တမ်းဝင်အရာရှိတွေပဲဖြစ်ပြီး အရပ်ဘက်ဝန်ကြီးဌာနတွေ ကိုယ်တိုင်က လုပ်ငန်းလိုအပ်ချက်အရတောင်းခံတဲ့အတွက် ဖြစ်တယ်လို့ မေလ ၃၁ ရက်က နေပြည်တော်မှာလုပ်တဲ့ အစိုးရ ဒုတိယ တနှစ်တာကာလနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တနှစ်အတွင်းမှာ ဝန်ကြီးဌာနတခုကနေ အခြားတခုကို ပြောင်းရွှေ့တာဝန်ထမ်းသူ အရာထမ်း စုစုပေါင်း ၅၂၃ ဦးရှိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာကလည်း ဖော်ပြထားပါတယ်။

ဘာကြောင့်ပြောင်းရွှေ့ရတာလဲလို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့က အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းကို ဘီဘီစီက မေးမြန်းရာမှာတော့ ဝန်ကြီးဌာနတွေမှာ ကျွမ်းကျင်ဝန်ထမ်း အလုံအလောက်မရှိလို့ တပ်မတော်သားထဲက ကျွမ်းကျင်သူတွေကို တောင်းခံလို့ ရွှေ့ပြောင်းရတာဖြစ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် အီးဂါးဗားမင့်နဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကွန်ပျူတာ ကျွမ်းကျင်သူတွေ အရပ်ဘက် ဝန်ကြီးဌာနတွေမှာ မလုံလောက်လို့ တပ်မတော်သားတွေကို ရွှေ့ပြောင်း တာဝန်ပေးရတာလို့ ဦးစောဗယ်လင်တိုင်းက ပြောပါတယ်။

တပ်မတော်သားတွေထဲက ဗိုလ်ကြီးအဆင့်ရှိသူဟာ အရပ်ဘက်မှာ ဦးစီးအရာရှိရာထူးကို ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

တပ်မတော်သား ကျွမ်းကျင်သူတွေကို တောင်းခံတဲ့ ဝန်ကြီးဌာနတွေကတော့ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်စည်ပင်တို့ဖြစ်ပါတယ်။

အရပ်ဘက်ဝန်ထမ်းတွေကတော့ တပ်မတော်သားတွေဟာ အဆင့်မြင့်ရာထူးတွေနဲ့ ရောက်လာပြီး လုပ်ငန်းကျွမ်းကျင်မှုမရှိကြတဲ့ ငြိုငြင်တတ်ကြပါတယ်။ မိုးကျရွှေကိုယ်တွေလို့ သုံးနှုန်းပြောဆိုဝေဖန်လေ့ရှိပါတယ်။

မိုးကျရွှေကိုယ် ဆိုပြီး ရည်ညွှန်း ခေါ်ဝေါ် လေ့ ရှိတဲ့ အခုလို မျိုး စစ်တပ် က လာတဲ့ သူတွေ ကို အရပ်ဘက် ဌာနတွေ မှာ အခန့်သင့် ရာထူးကြီး ပေးတဲ့ အလေ့အထ မျိုး မဖြစ်သင့်တော့ ဘူး ဆိုပြီး ဒုတိယသမ္မတ ဟောင်း တဦး ဖြစ်တဲ့ ဒေါက်တာ စိုင်းမောက်ခမ်း ကလည်း သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြောဆိုခဲ့ဖူးပါတယ်။

တပ်မတော်သားတွေ ရွှေ့ပြောင်းခန့်ထားတာကို ဆန့်ကျင်ကန့်ကွက်တဲ့ ဖဲကြိုးလှုပ်ရှားမှုတွေလည်း ပေါ်ပေါက်ခဲ့ကြဖူးပါတယ်။

ဝန်ကြီးဌာနတွေ အတွင်းမှာရှိတဲ့ တပ်မတော်အငြိမ်းစားဝန်ထမ်းတွေကြောင့် ပြုပြင် ပြောင်းလဲဖို့ အခက်အခဲဖြစ်ရတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီခေါင်းဆောင်ပိုင်းက ထုတ်ဖော်ပြောဆိုတာမျိုးရှိခဲ့ဖူးပေမယ့် လက်တွေ့မှာတော့ အခုလို တပ်မတော် အရာရှိတွေကို ပြောင်းရွှေ့တာဝန်ပေးတာတွေလည်း ရှိနေပါတယ်။