ရန်ကုန်က မြောက်ကိုရီးယား စားသောက်ဆိုင် ဘာကြောင့်ပိတ်ရ

ဓာတ်ပုံ မူပိုင် Pyongyang Koryo Restaurant Yangon
Image caption မြောက်ကိုရီးယားစားပွဲထိုးတွေ

ရန်ကုန်မှာ တခုတည်းသော မြောက်ကိုရီးယား စားသောက်ဆိုင် ဒီနှစ်အစောပိုင်းမှာ ပိတ်လိုက် ရပါတယ်။ ပြုံယမ်းကောရို လို့အမည်ပေးထားတဲ့ ဒီစားသောက်ဆိုင်ဟာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်က ဆရာစံလမ်းထောင့် တနေရာမှာ၂ဝ၁၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာပါ။

ထူးခြားတာက စားပွဲထိုးအလုပ်သမားတွေဟာ မြောက်ကိုရီးယား အမျိုးသမီးတွေဖြစ်ကြပြီး ရုပ်ရည် ချောမောတဲ့အပြင် မြန်မာသီချင်း၊ အင်္ဂလိပ်သီချင်းတွေလည်း ဆိုနိုင်ကြပါတယ်။

ဆိုင်ကိုလာတဲ့ဧည့်သည်တွေကိုလည်း သီချင်းဆို၊ ဂီတာတီး၊ ကခုန်ဖျော်ဖြေဧည့်ခံကြပါတယ်။

မြန်မာ-မြောက်ကိုရီးယားကြား ငွေကြေးစီးဆင်းနေတယ်လို့ အမေရိကန်ပြော

ဆိုင်မှာ မြောက်ကိုရီးယား အစားအစာတွေ ရောင်းပြီး ဈေးတွေ ကြီးပေမယ့် လာရောက် စားသောက်တဲ့ ဧည့်သည်တွေတော့ များတယ်လို့ ဆိုင်မပိတ်ခင် ကိုယ်တိုင် သွားရောက်လည်ပတ်ခဲ့သူ တချို့က ဘီဘီစီကို ပြောပါတယ်။

ပြုံယမ်းကောရို စားသောက်ဆိုင်ကို ၂ဝ၁၈ ခုနှစ် မတ်လက တိတ်တဆိတ် ပိတ်လိုက်သလို ဖြစ်သွား တာကြောင့် လူအနည်းငယ်သာ သတိထားမိကြပါတယ်။ ဆိုင်ပိတ်လိုက်ရတဲ့ အကြောင်းရင်းဟာ သာမန် ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ နိုင်ငံရေးပယောဂတွေပါတယ်လို့ လေ့လာသူ သတင်းသမားနဲ့ သံတမန် အသိုင်းအဝိုင်းကဆိုပါတယ်။

ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စ အာရာနီ မန်းရင်း ကတော့ မြောက်ကိုရီးယားအပေါ် ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ အရေးယူ ဆောင်ရွက်ဖို့ မြန်မာအစိုးရကို အားပေး တိုက်တွန်းခဲ့တာတွေ ရှိတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Pyongyang Koryo Restaurant Yangon
Image caption မြန်မာလိုဝတ်စား ဖျော်ဖြေ

" ကျွန်မတို့ အမေရိကန်သံရုံးက မြန်မာအစိုးရကို မြောက်ကိုရီးယားအပေါ် ထားရှိတဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် နဲ့အညီ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တယ်။ ရန်ကုန်မြို့က မြောက်ကိုရီးယား စားသောက်ဆိုင်မှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေ မြန်မာပြည်က ပြန်ထွက်သွားတာဟာ မြောက်ကိုရီးယားပေါ် ထားရှိတဲ့ လုံခြုံရေးကောင်စီရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ငြိစွန်းတာကြောင့် ဖြစ်ပါတယ်။ လုပ်ငန်းကိုရပ်ဖို့ မြန်မာအာဏာပိုင်ရဲ့ ညွှန်ကြားချက်နဲ့ ဆိုင်တယ်" လို့ မစ္စ အာရာနီမန်းရင်းက ဘီဘီစီကို ပြောပါတယ်။

မြောက်ကိုရီးယား သံအရာရှိ မြန်မာနှင်ထုတ်

မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုကြောင့် လက်ရှိမှာ မြောက်ကိုရီးယားနိုင်ငံအပေါ် ကုလသမဂ္ဂ ပဋိဉာဉ်ဆုံးဖြတ်ချက်၂၃၇၅ နဲ့ ၂၃၉၇ ကို ထားရှိပါတယ်။ ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၃ ရက်က မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်မှုတွေကို အရေးယူ တုံ့ပြန်တဲ့အနေနဲ့ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့တဲ့ အဲဒီဆုံးဖြတ်ချက်တွေကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၁ ရက်မှာ ချမှတ်ခဲ့ပါတယ်။

အဲဒီစည်းမျဉ်းစည်းကမ်းတွေဟာ မြောက်ကိုရီးယားအစိုးရကို တခြားနိုင်ငံတွေမှာ တရားဝင် စီးပွားရေး လုပ်ကိုင်ခွင့် ပိတ်ပင်ထားတာအပြင် တခြားအရေးယူပိတ်ဆို့မှုတွေလည်း ပါဝင်ပါ တယ်။

ဒါကြောင့် မြောက်ကိုရီးယားက အခုလို မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်တာဟာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာ ရောက်တယ်လို့ ရန်ကုန်အခြေစိုက် သံတမန် အသိုင်းအဝိုင်းက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Pyongyang Koryo Restaurant Yangon
Image caption ပြုံယမ်း ခေါက်ဆွဲအေး

မြောက်ကိုရီးယား စားသောက်ဆိုင် မပိတ်ခင်မှာ သွားလည်ပတ်သူတွေထဲမှာ မြန်မာနဲ့ နိုင်ငံခြား သတင်းသမားတွေလည်း ပါပါတယ်။ ဆိုင်မှာ ဓာတ်ပုံရိုက်တာ လုံးဝ ပိတ်ပင်ထားတာ မရှိပေမယ့် ဓာတ်ပုံရိုက်တာ တွေ့ရင်တော့ အတင်းအကျပ် တားပါတယ်။ ဒါပေမဲ့ သတင်းဆောင်းပါးအတွက် ဖုန်းနဲ့ ဓာတ်ပုံခိုးရိုက်တဲ့ သတင်းသမားတွေလည်း ရှိပါတယ်။

စားသောက်ဆိုင်ကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့ဖူးတဲ့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုဝေမိုး ကတော့ "မြောက်ကိုရီးယားဆိုင်က စားပွဲထိုး ကောင်မလေးတွေ အကုန်လုံးဟာ မြန်မာစကား သင်ထားပုံ ရတယ်။ မြန်မာစကားကို အနည်းဆုံးတော့ နည်းနည်းပါးပါး ရကြတယ်။ တချို့ကလည်း ကျွမ်းကျင် ကြတယ်။ မြန်မာပြည်ကို လာမယ်ဆိုရင် သေသေချာချာ လေ့ကျင့် သင်ကြားပေးပြီးမှ လာတဲ့ သဘောရှိတယ်။ ဝန်ဆောင်မှုလည်း ကောင်းတယ်။ တက်တက်ကြွကြွ စားပွဲထိုးတယ်။ မြန်မာသီချင်း၊ စိုင်းထီးဆိုင်ရဲ့ သီချင်းတွေတောင် ဆိုနိုင်တယ်။ မြောက်ကိုရီးယား စားပွဲထိုးတွေ ပြောပြတာကတော့ တပတ်မှာ အပြင်တရက် ထွက်လို့ရတယ်။ ကျန်တဲ့ရက်တွေ မှာတော့ သူတို့ စီစဉ်ထားတဲ့ နေရာမှာပဲ နေကြတယ်" လို့ဆိုပါတယ်။

မြောက်ကိုရီးယား မြန်မာကို လက်နက်ပို့တာ ဖမ်းမိခဲ့

အမည်မဖော်လိုတဲ့ မြန်မာ့နိုင်ငံရေး လေ့လာသူ ဝါရင့် သတင်းသမားတဦးကတော့ ရန်ကုန်က မြောက်ကိုရီးယား စားသောက်ဆိုင်ဟာ ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ဖွင့်ထားတဲ့ မြောက်ကိုရီးယား စားသောက်ဆိုင်တွေ လိုပဲ မြောက်ကိုရီးယား အစိုးရနဲ့ ပတ်သက်ဆက်နွယ်မှု ရှိနိုင်တယ်လို့ ပြောပါတယ်။ ရန်ကုန်က မြောက်ကိုရီးယား စားသောက်ဆိုင်ရဲ့ ပူးတွဲပိုင်ရှင်ကတော့ ရှမ်းလူမျိုး စီးပွားရေးသမားတယောက်ရဲ့ ဆွေမျိုးတော်စပ်သူ ဖြစ်တယ် လို့လည်း သူကပြောပါတယ်။ အဲဒီရှမ်းစီးပွားရေးသမားဟာ တရုတ် စီးပွားရေးသမားတွေနဲ့ တော်တော် နီးစပ်တယ်၊ ရေသန့်ဘူး၊ အချိုရည် ထုတ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ပိုင်ဆိုင်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Pyongyang Koryo Restaurant Yangon
Image caption ကိုရီးယားရိုးရာဂီတနဲ့ဖျော်ဖြေ

"အဲဒီဆိုင်ကို ကျွန်တော်နှစ်ခါရောက်ဖူးတယ်။ စားပွဲထိုးမတွေဟာ ကိုရီးယားသီချင်း၊ တရုတ်သီချင်း၊ မြန်မာသီချင်းနဲ့ အင်္ဂလိပ်သီချင်းတွေလည်းဆိုနိုင်တယ်။ အင်္ဂလိပ်သီချင်း Country Road ကိုလည်း ဆိုနိုင်တယ်။ ကောင်တာမှာရောင်းတဲ့ ပစ္စည်းထဲမှာ မြောက်ကိုရီးယားနိုင်ငံရဲ့ လိင်အားဆေးအမျိုးအစား Viagra တခုလည်း တွေ့ခဲ့တယ်" လို့ သူကဆိုပါတယ်။

"ဆိုင်ပေးတာလည်း ငွေသားပဲပေးရတယ်။ ခရက်ဒစ်ကတ်စနစ် (အွန်လိုင်းငွေပေးတဲ့စနစ်)ကို မသုံးဘူး။ မြန်မာငွေကျပ်နဲ့ ဒေါ်လာပဲ ပေးရတယ်။ နိုင်ငံခြားက တခြားမြောက်ကိုရီးယား စားသောက်ဆိုင်တွေလိုပဲ ပြုံယမ်းအစိုးရကို ငွေရှာပေး၊ အလုပ်လုပ်ပေးတယ်လို့ထင်တယ်။ အစားအသောက်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ဈေးတော့ ကြီးတယ်။ တချို့ဧည့်သည်တွေက သီချင်းဆိုတဲ့ ကောင်မလေးတွေကို ပန်းကုံးစွပ်ကြတယ်။ ကောင်မလေးတွေက အသက်လည်း ငယ်တယ်၊ ချောလည်းချောတယ်။ ဘန်ကောက်နဲ့ ဖနွမ်ပင်မြို့က မြောက်ကိုရီးယားဆိုင်တွေလိုပဲ သီချင်းဆိုကောင်းတယ်" လို့ သူကဆက်ပြောပါတယ်။

ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူ ဦးတင်စိုး ကတော့ မြောက်ကိုရီးယား စားသောက်ဆိုင်ဟာ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေက ပိတ်လိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

"လဝက က ပိတ်တာဗျ။ နှစ်လလောက်တော့ရှိပြီ ထင်တယ်။ ဆိုင်ကတော့မရှိတော့ဘူး။ လက်လွှဲယူလိုက်တာပေါ့။ ဗမာလူမျိုးပဲလုပ်တာ။ ပထမဆိုင်ရှင်လည်းဗမာလူမျိုးပဲ။ ကျန်တာတော့ ကျနော်မသိဘူး" လို့ ဦးတင်စိုး ကဆိုပါတယ်။

မြောက်ကိုရီးယား စားသောက်ဆိုင်ကို ဆယ်သွယ်ဖို့ အင်တာနက်မှာ တင်ထားတဲ့ ဖုန်းနံပါတ်ကို ဘီဘီစီက အကြိမ်ကြိမ်ခေါ်ဆိုခဲ့ပေမယ့် ဖုန်းပိတ်ထားတယ်လို့ဆိုပါတယ်။ မြောက်ကိုရီးယား စားသောက်ဆိုင်နေရာမှာ အခုတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံခြား ဝါရင့်သတင်းစာဆရာကတော့ မြောက်ကိုရီးယားဆိုင်ကိုဖွင့်တဲ့ မြန်မာနိုင်ငံသားက ဆိုင်ကို သူ့နာမည်အရင်းနဲ့ဖွင့်တာလား၊ တခြားလူနာမည်နဲ့လားတော့ အသေအချာပြောလို့မရဘူး ဆိုပါတယ်။

"အဲဒီစီးပွားရေးသမားဟာ အမေရိကန်ရဲ့စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှာကို စိုးရိမ်ပုံရတယ်။ အဲဒါကြောင့် အဲဒီဆိုင်ကိုပိတ်လိုက်တယ်လို့ထင်တယ်" လို့ အဲဒီသတင်းစာဆရာက ပြောပါတယ်။