ဦးနေဝင်းမြေးတွေကို ယာဉ်မောင်း တရားစွဲဆိုမှု တရားရုံးက လက်ခံ

Image caption ဦးကျော်နေဝင်း၊ ဦးဇွဲနေဝင်းတို့ကို သူတို့ပိုင် YBS အမှတ် ၂၀ ယာဉ်လိုင်းက ယာဉ်မောင်းကတရားစွဲဆိုထားတဲ့အပေါ် တရားရုံးကလက်ခံလိုက်ပြီဖြစ်

ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြေးဖြစ်သူ ဦးကျော်နေဝင်း၊ ဦးဇွဲနေဝင်းတို့ကို သူတို့ပိုင် YBS အမှတ် ၂ဝ ယာဉ်လိုင်းက ယာဉ်မောင်းကတရားစွဲဆိုထားတဲ့အပေါ် တရားရုံးကလက်ခံလိုက်ပြီဖြစ်ပါတယ်။

ဦးကျော်နေဝင်းနဲ့ ဇွဲနေဝင်းပိုင် YBS အမှတ် ၂ဝ ယာဉ်လိုင်းကယာဉ်မောင်းဦးအောင်မြတ်က သူ့ကို ဆဲဆို ရိုက်နှက်ခဲ့တယ်ဆိုပြီး လှိုင်သာယာရဲစခန်းမှာ အမှုဖွင့်ထားခဲ့တဲ့အပေါ် တရားရုံးက ပုဒ်မ၂ ခုနဲ့ စွဲဆိုဖို့ ဇွန် ၁ ရက်မှာ လက်ခံခဲ့ ပါတယ်။

YBS အမှတ်၂၀ ယာဉ်မောင်းတယောက်ဖြစ်တဲ့ ဦးအောင်မြတ်က ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်က သူမောင်းနှင်တဲ့ကားဟာ သူတို့ယာဉ်လိုင်းက အခြားကားတစီးနဲ့တိုက်မိစဉ်မှာ ယာဉ်လိုင်းပိုင်ရှင် တွေဖြစ်တဲ့ ဦးကျော်နေဝင်းနဲ့ ဦးဇွဲနေဝင်းတို့ ရောက်လာပြီး သူ့ကို ထိုးကြိတ်ကန်ကျောက်ခဲ့ကြတာ ဖြစ်တယ်လို့ ဦးအောင်မြတ်ကပြောပါတယ်။

ယာဉ်မောင်းဦးအောင်မြတ် အမှုဖွင့်စွဲဆိုထားတဲ့အတိုင်း တရားရုံးက ပုဒ်မ ၂ခုနဲ့ လက်ခံပေးခဲ့တယ်လို့ ကာယကံရှင် ဦးအောင်မြတ်က ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ မူပိုင် Keystone
Image caption ၂၇ နှစ်ကျော် အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေဝင်း

ဦးကျော်နေဝင်းနဲ့ ဇွဲနေဝင်းတို့ကို ယာဉ်မောင်းဦးအောင်မြတ်ဘက်က ညစ်ညမ်းစွာဆဲဆိုမှုအတွက် ပုဒ်မ ၂၉၄ နဲ့ နာကျင်စေမှု အတွက်ကတော့ ပုဒ်မ ၃၂၃ နဲ့ စွဲဆိုထားသလို သူတို့ပိုင် ကုမ္ပဏီဘက်ကလည်း ယာဉ်မောင်း တွေကို မဆင်မခြင် ယာဉ်မောင်းနှင်မှု ပုဒ်မ ၂၉၇ နဲ့ ပြန်လည်တရားစွဲဆိုထားတယ်လို့လည်း သိရပါတယ်။

ဦးကျော်နေဝင်းနဲ့ ဇွဲနေဝင်းတို့ကိုစွဲဆိုထားတဲ့ပုဒ်မ ၂ခုအနက် ပုဒ်မ ၃၂၃ ကတော့ အမြင့်ဆုံးပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် တနှစ်နဲ့ငွေဒဏ်တသိန်း ချမှတ်နိုင်တဲ့ပုဒ်မဖြစ်တယ်လို့သိရပါတယ်။

တရားရုံးဘက်က စွဲဆိုထားတဲ့အပေါ် လက်ခံခဲ့ပေမယ့်လည်း ဒီအမှုကို ရင်ဆိုင်ဖို့ အတွက် ဦးအောင်မြတ်အနေနဲ့ ရှေ့နေငှားနိုင်မယ့် အခြေအနေမရှိဘူးလို့ ဒီကိစ္စကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အလုပ်သမား အရေး ဆောင်ရွက်သူ ဦးမောင်မောင်ဟန်က ဘီဘီစီကိုပြောပါတယ်။

ဧပြီ ၂၈ ရက်က ဖြစ်စဉ်အပြီးမှာ ကုမ္ပဏီဘက်က ယာဉ်မောင်း ၂ ယောက်လုံးကို အလုပ်ဖြုတ်ခဲ့တယ်လို့သိရပါတယ်။

အလုပ်ဖြုတ်ရာမှာလည်း လစာကျန်ငွေကိုသာပေးပြီး ကုမ္ပဏီစည်းမျဉ်းပါအတိုင်း အလုပ်ထုတ်နစ်နာကြေးနဲ့ နို့တစ်ကြေးကို မပေးသလို လိုင်စင်ကိုလည်းသိမ်းထားတယ်လို့ ဦးအောင်မြတ်ကပြောပါတယ်။

အခုစွဲဆိုထားတဲ့ အမှုအတွက် ပထမဆုံးရုံးချိန်းကို လာမယ့် ဇွန် ၁၅ ရက်မှာ စစ်ဆေးဖို့ တရားရုံးကချိန်းဆိုထားပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူမှုကွန်ယက်သုံးစွဲသူတွေကြား ပြောဆိုဝေဖန်မှုတွေရှိခဲ့ပြီး ဘယ်လို ဆက်ဖြစ်လာမလဲ ဆိုတာကိုလည်း စိတ်ဝင်စားသူအများအပြားရှိခဲ့တယ်လို့သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ