မန္တလေးမြို့ လမ်းမတွေပေါ်က ဓားပြတွေ

ဓာတ်ပုံ မူပိုင် Tar Tar
Image caption စွယ်တော်ဂိတ် ကုန်ကားကြီးကွင်း

မန္တလေးမြို့ပေါ်က လမ်းတွေပေါ်မှာ ဓားပြခြိမ်းခြောက် လုယက်တာတွေ အခုတလော အဖြစ်များနေပြီး ဓားကိုင်တဲ့ လူငယ် အယောက် ၂၀ လောက် နဲ့ ရဲ လှည့်ကင်း တာဝန်ကျတွေ ထိပ်တိုက်တွေ့ပြီး ရဲက ဖမ်းဆီး ရာမှာ လူငယ် တယောက် သေဆုံးပြီး နောက် တယောက် ကို ဒဏ်ရာ နဲ့ဖမ်းမိခဲ့ပါတယ်။

မေလ ၃၁ ရက် ညဦးပိုင်းက မန္တလေးအစပ် အမရပူရမြို့နယ်က စွယ်တော်ဂိတ် ကုန်ကားကြီးကွင်းနားမှာ လှည့်ကင်း တာဝန်ကျတဲ့ရဲတွေက တရားခံပြေးတဦးကို လိုက်ဖမ်းရင်း ဓားကိုင်ထားတဲ့ လူငယ် ၂ဝ ခန့်ကို လမ်းပေါ်မှာ တွေ့လိုက်ရပါတယ်။

သူတို့ကို ဓားတွေ ချပြီး အဖမ်းခံဖို့ ရဲတပ်ဖွဲ့ဝင်တွေ က အမိန့်ပေးတာကို မနာခံဘဲ ပြန်လည်ခုခံနေလို့ ခြောက်လှန့်ပစ်ခတ်ရင်း အခုလို သေနတ်ထိမှန် သေဆုံးခဲ့တာ လို့ မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မျိုးအောင် က ဘီဘီစီ ကို ပြောပါတယ်။

ဒီရက်ပိုင်း မန္တလေးမြို့လယ်မှာ တရားဝင်ဖွင့်ထားတဲ့ ဂိမ်းဆိုင်မှာ ဓားကိုင်တဲ့ လူတစုက ငွေနဲ့ဖုန်းတွေ လုယက်တဲ့ဖြစ်စဉ်အပြင် ရွှေဆိုင် တဆိုင်ကိုလည်း လူ နှစ်ယောက်ဝင်လာပြီး ဓားနဲ့ထောက် လုသွားခဲ့ပါတယ်။

ဒါ့အပြင် မကြာသေးခင်ကပဲ မြို့ထဲက ခြံတခြံ မှာ ဆိုင်ကယ်တစီးကို ဓားကိုင်တဲ့ လူတစုက ခိုးသွားတဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ က တော့ အလုပ်မလုပ်ချင်တဲ့ လူငယ်တွေ အခုလို ဆိုးသွမ်းပြီး လုယက် ကြတာဖြစ်တယ်လို့ သုံးသပ်ထားပြီး အဲဒီ လုယက်သူတွေ ဟာ အသက် ၂ဝ ကျော် လူငယ် လေးတွေ များတယ်လို့လည်း ဆိုပါတယ်။

လတ်တလောဖြစ်သွားတဲ့ ဓားကိုင်လုယက်တဲ့ အမှုတွေမှာ တချို့သာ ဖမ်းမိပြီး လုံးဝ ဖမ်မမိသေးတဲ့ အမှုတွေလည်း ရှိနေပါတယ်။

ဒီလို လုယက် ဓားပြတိုက်တဲ့ ဖြစ်စဉ်တွေကြောင့် မြို့ခံတွေက ထိတ်လန့်တဲ့အတွက် သတိနဲ့ သွားလာနေကြသလို တချို့ မြို့နယ်တွေမှာ အရပ်သားတွေ နဲ့ ရဲတပ်ဖွဲ့ ပေါင်းပြီး ကင်းလှည့် နေတာတွေ ကိုလည်း တွေ့နေ ရပါတယ်။

ဆက်စပ် အကြောင်းအရာများ