တနိုင်ငံလုံးက ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းဖို့ပြင်

ဓာတ်ပုံ မူပိုင် EPA
Image caption ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတဲ့ မြောက်ဉီးမြို့က ရခိုင် ဒုက္ခသည်တွေ

ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို ပိတ်သိမ်းဖို့ အစိုးရက စတင် ဆောင်ရွက်နေပြီ။

ဒုက္ခသည်စခန်း တချို့ဟာ ၅ နှစ် ကျော် ၆ နှစ်သက်တမ်းရှိနေပြီး တချို့စခန်း တွေဟာ အမြဲတမ်းဖွင့်ထားဖို့ မဖြစ်နိုင်တဲ့အတွက် ပိတ်သိမ်းဖို့ စီစဉ်ရတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီလို ပိတ်သိမ်း ရာမှာ စတင် ပိတ်သိမ်းမယ့် စခန်းတွေ နဲ့ ဘယ်တော့နောက်ဆုံးထား ပိတ်သိမ်းသွားမလဲ ဆိုတာတွေ၊ ပြန်လည်နေရာချထားရေး ဘယ်လိုလုပ်မယ်ဆိုတာတွေကို တိတိကျကျ ထုတ်ဖော်ပြောကြားမှု မရှိသေးပေမယ့် ဒီလို စခန်းတွေ ပိတ်ပြီး ဒုက္ခသည်တွေကို နေရာချထားရေးမှာ အခြေခံ အဆောက်အအုံတွေ အသင့်ဖြစ်ဖို့ လိုတယ်လို့ လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်က ပြောပါတယ်။

ဒါ့အပြင် ဖွံ့ဖြိုးရေး နဲ့ ဆက်စပ်တဲ့ မြို့ပြ ၊ ကျေးလက်တောရွာ လူနေမှု စီမံကိန်းတွေ လိုအပ်ပြီး ဒုက္ခသည်တွေ အတွက် ပညာရေး နဲ့ ကျန်းမာရေး ၀န်ဆောင်မှုတွေ ရနိုင်ဖို့ လိုတဲ့အပြင် သူတို့ အတွက် စားနပ်ရိက္ခာ နဲ့ အသက်မွေး ဝမ်းကျောင်းနိုင်ဖို့ လိုတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

အဲဒီ အချက်တွေ မဟာဗျူဟာမှာ ပါသင့်ပြီး ဒါတွေ ထည့်သွင်း စဉ်းစားပြီးမှသာလျှင် ဒုက္ခသည် စခန်းတွေကို ဖျက်သိမ်းပြီး ပြန်လည် နေရာချထား နိုင်မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒီစီမံချက်တွေ အကောင်အထည် ဖော်ရာမှာလည်း စခန်း တခုချင်း ပေါ်မှာ မူတည်သလို ပြည်နယ် တခုချင်းစီ အလိုက်လည်း ကွဲပြားကြတယ်လို့ သူက ပြောပါတယ်။

ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်မှာ ရှိတဲ့ ဒုက္ခသည် အများစုဟာ ဘုန်းကြီးကျာင်းတွေ နဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေမှာ နေထိုင်နေရတာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ နေရာဒေသပေါ် တည်ပြီး ပိတ်သိမ်းလို့ ရတဲ့စခန်းတွေကို စတင်ကာ တဖြည်းဖြည်း ပိတ်သိမ်းသွားမှာ ဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ ညွှန်ကြားရေးမှူး ဦးသန်းထွဋ် က ပြောပါတယ်။

တနိုင်ငံလုံးမှာ ရှိတဲ့စခန်းတွေကို တပြိုင်နက်တည်း ပိတ်သိမ်းမှာ မဟုတ်ဘဲ စခန်းအများစု ရှိတဲ့ နေရာတွေဟာ ကချင် ၊ ရှမ်းနဲ့ ရခိုင် ပြည်နယ်တွေမှာ ဖြစ်တာကြောင့် ဒေသအလိုက် ပိတ်လို့ရတဲ့ စခန်းတွေကို တဖြည်းဖြည်းချင်း ပိတ်သိမ်းသွားမှာပါလို့ သူက ဆိုပါတယ်။

ဥပမာ အနေနဲ့ ဘုန်းတော်ကြီး ကျောင်းတွေနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေမှာ ခိုလှုံနေထိုင် နေရတဲ့ ဒုက္ခသည်တွေကို သူတို့ နေရပ်ပြန်ပို့မှာ ဖြစ်ပြီး ပြန်ပို့တဲ့ အခါမှာလည်း လုပ်ကိုင် စားသောက်စရာ ရှိတဲ့သူတွေကိုသာ ပြန်ပို့သွားမှာ ဖြစ်တယ် ၊ တိုက်ပွဲ ဖြစ်နေတဲ့ နေရာက ဒုက္ခသည်တွေကိုတော့ ပြန်ပို့မှာ မဟုတ်သေးဘူးလို့ သူက ဆိုပါတယ်။

လောလောဆယ်မှာတော့ ရခိုင် ပြည်နယ်မှာ ရှိတဲ့ မြေပုံ ၊ ကျောက်ဖြူနဲ့ စစ်တွေမြို့နယ် တွေက ဒုက္ခသည်စခန်းတွေကို စတင်ပိတ်သိမ်းဖို့ စတင်ဆောင်ရွက်နေ ပေမဲ့လည်း ဒုက္ခသည်တွေနဲ့ ညှိနှိုင်းတဲ့အခါမှာ အဆင်မပြေမှု တွေရှိနေပါတယ်။

ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းဖို့နဲ့ ပြန်လည်နေရာချထားဖို့ အတွက် ကာယကံရှင် ဒုက္ခသည်တွေရဲ့ သဘောတူညီချက်ရရှိဖို့ အဓိက ဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူ တချို့က သုံးသပ်ကြပါတယ်။