မြေသိမ်းခံ ဒေသခံတွေနဲ့ စစ်တပ် ထိပ်တိုက်တွေ့

Image caption ဘိုးဘွားလက်ထက်ကတည်းက ပိုင်ဆိုင်လာတဲ့ မြေတွေလို့ ဒေသခံတွေဘက်ကပြော

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ စစ်ဆင်ရေးနဲ့ ကွပ်ကဲရေးတပ် စကခ ၁ လက်အောက်ခံ တပ်တွေ သိမ်းထားတဲ့ မြေဧက ၇၀ ကျော် ပြန်ရဖို့ တောင်းဆိုနေကြတဲ့ မူလ မြေပိုင်ရှင် ဒေသခံတွေက အဲဒီမြေတွေမှာ ဝင်ရောက် ထွန်ယက် စိုက်ပျိုးခဲ့တဲ့အတွက် ကျောက်မဲနယ်မြေ ခံတပ်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပါတယ်။

ကျောက်မဲမြို့နယ် ကျောက်မဲကြီးရွာက ဒေသခံတောင်သူ ၁၂ ယောက်ရဲ့ ဘိုးဘွား လက်ထက်ကတည်းက ပိုင်တဲ့ လယ်မြေဧက ၇၀ ကျော်ကို ကျောက်မဲ အခြေစိုက် ခမရ ၅၀၁ နဲ့ ၅၀၂ တပ်က လိုတာထက် ပိုသိမ်းထားတဲ့ အတွက် မူလ တောင်သူတွေက လစ်လပ်မြေတွေကို သူတို့ရပိုင်ခွင့် ရှိတယ် ဆိုပြီး ဝင်ပြီးတော့ စိုက်ပျိုးခဲ့ကြတာပါ။

မြေဧက ၁၀ ကျော် အသိမ်းခံရတဲ့အထဲ ပါတဲ့ ကျောက်မဲကြီး ရွာသူ ဒေါ်အေးနော်က ၁၉၉၂ခုနှစ် သိမ်းတုန်းက တပ်အဆောက်အဦးတွေ အတွက် သိမ်းတာ လက်ခံခဲ့ပေမယ့် နောက်ထပ် သူတို့မြေတွေ အသိမ်းခံရတာအပေါ် ကျေနပ်မှု မရှိဘူးလို့ ပြောပါတယ်။

တပ်အတွက် လိုအပ်တဲ့ အဆောက်အဦးတွေ ဆောက်ထားတဲ့ နေရာနဲ့ ဘုရား တည်ထားတာတွေကို ဒေသခံ မြေပိုင်ရှင်တွေက ကျေနပ်ပေမယ့် ၂၀၁၄ခုနှစ်မှာ ဘာလျော်ကြေး ဘာအမိန့်မှ မပါဘဲ နောက်ထပ် မြေတွေ သိမ်းတာကို မကျေနပ်လို့ ခုလို ပြန်ယူရတာလို့ ဒေါ်အေးနော်က ပြောပါတယ်။

ငွေဆောင် မြေသိမ်းထားမှု ဒေသခံတွေ ဆန္ဒပြ

နေပြည်တော် မြေကိစ္စအတွက် အထူးအဖွဲ့တွေ ဖွဲ့ပြီ

Image caption စစ်တပ်က သိမ်းပြီး ဘာမှာ မလုပ်ပဲ ထားတဲ့ မြေအလွတ်တွေမှာ မူလမြေပိုင်ရှင်တွေ ဝင်ရောက် စိုက်ပျိုး ထွန်ယက်ခဲ့ကြ

ဒီမြေတွေ ပြန်ရဖို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဆီ အထိ စာတင်ထားသလို လွှတ်တော် အမတ်တွေကိုလည်း တင်ပြထားပါတယ်။

ဒီကိစ္စကို ကွင်းဆင်း လေ့လာချင်ပေမယ့် တိုင်းအဆင့် ခွင့်ပြုချက် တင်ဖို့ လိုတယ်လို့ စစ်တပ်ဘက်က အကြောင်းပြန်ထားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီရဲ့ ကျောက်မဲမြို့နယ်မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ် က ဘီဘီစီကို ပြောပါတယ်။

ဒေသခံတွေကတော့ သူတို့အနေနဲ့ ဒီမြေတွေကို အရင်ကတည်းကနေ ခုထိ စိုက်ပျိုးလာတာ ဖြစ်ပေမယ့် ၂၀၁၇ ခုနှစ်မှာ စစ်တပ်ဖက်က သူတို့မှာ ပိုင်ဆိုင်မှု အထောက်အထား ရှိတယ် ဆိုပြီး ပိုင်နက် ကျူးလွန်မှုနဲ့ ဒေသခံ တောင်သူ ၁၂ ဦးကို တရားစွဲခဲ့ပြီး တဦးကို ငွေဒဏ် ၃သောင်း ချမှတ်ခံခဲ့ရတယ်လို့ ဒေါ်အေးနော်က ပြောပါတယ်။

NLD အစိုးရ တက်လာပြီးတဲ့ နောက်ပိုင်း တပ်မတော်နဲ့ ဌာနဆိုင်ရာက သိမ်းခဲ့တဲ့ မြေတွေထဲက အသုံးမပြုတဲ့ မြေတချို့ကို ပြန်ပေးခဲ့ပေမယ့် တပ်က ဘာလုပ်ငန်းမှမလုပ်ပဲ သိမ်းထားတဲ့ ကျောက်မဲမြို့နယ်က မြေတွေ မပါသေးတဲ့အတွက် သက်ဆိုင်ရာကို တင်ပြထားတယ်လို့ ကျောက်မဲက မြေသိမ်းခံတောင်သူတွေက ပြောပါတယ်။