ဂွာတီမာလာမီးတောင်ပေါက်ကွဲမှုမဖြစ်ခင် အရေးပေါ်သတိပေးချက်ထုတ်ပြန်ရာမှာ လစ်ဟင်းမှုတွေရှိခဲ့

မီးတောင်ပေါက်ကွဲမှုအပြီး ကူညီကယ်ဆယ်နေကြသူများ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

မီးတောင်ပေါက်ကွဲမှုအပြီး ကူညီကယ်ဆယ်နေကြသူများ

လူတွေ အများအပြားသေဆုံးခဲ့ရတဲ့ ဂွာတီမာလာ မီးတောင်ပေါက်ကွဲမှုမှာ အရေးပေါ်သတိပေးချက်ကို အလေးထား မလုပ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး အေဂျင်စီ အကြီးအကဲကို ရာထူးကနေ ဖယ်ရှားပေးဖို့ အတိုက်အခံ နိုင်ငံရေးသမားတွေက တောင်းဆိုလိုက်ပါတယ်။

သဘာဝဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး အေဂျင်စီဟာ မီးတောင်မပေါက်ခင် ရှေ့ပြေးသတိပေးချက် ထုတ်ပြန်ရာမှာ ပျက်ကွက်မှုတွေ ရှိခဲ့ပြီး ဒီဖြစ်စဉ်ဟာ ဥပဒေချိုးဖောက်တဲ့ ပြစ်မှုကျူးလွန်တာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးပေးဖို့ အတိုက်အခံ အထင်ကရ နိုင်ငံရေးသမား Mario Taracena က ပြောပါတယ်။

အစိုးရတာဝန်ရှိသူတွေကတော့ မီးတောင်မပေါက်ကွဲခင်က အနီးနားက မြေငလျင် လှုပ်ခတ်မှုနဲ့ မီးတောင်လှုပ်ရှားမှု အနေအထားတွေကို ကြိုတင်သတိပေးချက် ထုတ်ပြန်ခဲ့တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ရှင်းလင်းတိကျတဲ့ ကြိုတင်သတိပေးချက်ကို ချက်ချင်း မထုတ်ပြန်နိုင်ခဲ့ဘူးလို့ အတိုက်အခံနိုင်ငံရေးပါတီဘက်က စွပ်စွဲနေတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

ဖွေးဂိုး မီးတောင်

မီးတောင်ပေါက်ကွဲအပြီး ကယ်ဆယ်ရှာဖွေမှုတွေ လုပ်ရာမှာ အလောင်း ၉၉ လောင်း ရှာတွေ့ခဲ့ပြီး အဲ့ဒီထဲက ၂၅ လောင်းကပဲ ဘယ်သူဘယ်ဝါ ဆိုတာ ဆုံးဖြတ်နိုင်ပြီး အများစုကတော့ ဘယ်သူမှန်း မသိ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ အလောင်းတွေကိုပဲ တွေ့ခဲ့ရပါတယ်။

မီးတောင်စောင်းတလျှောက် ရွာတွေကတော့ မီးတောင်က ထွက်လာတဲ့ ပြာတွေ၊ ရွှံ့နွံတွေ နဲ့ ဖုံးလွှမ်းသွားခဲ့ရပါတယ်။

ပေါက်ကွဲခဲ့တဲ့ မီးတောင်အနီးတဝိုက်မှာ နေသူတွေရဲ့ အချက်အလက်တွေအရ လောလောဆယ်အထိ လူ ၁၉၂ ဦးက ပျောက်ဆုံးနေပြီး ရှာဖွေမှုတွေ ဆက်လုပ်နေပါတယ်။

ဒါပေမယ့် မိုးရွာသွန်းမှုတွေကြောင့် ဒေသအနီးတဝိုက်မှာ မြေပြိုမှုတွေ ဆက်ဖြစ်လာမှာကို စိုးရိမ်နေကြရပါတယ်။

မီးတောင်ပေါက်ကွဲမှုကြောင့် လူပေါင်း ၁.၇ သန်းကျော် ထိခိုက်ခံစားခဲ့ရပြီး ပေါက်ကွဲမှုကြောင့် နေအိမ်တွေမီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတဲ့ လူ တသောင်း နှစ်ထောင် ထဲက လူ သုံးထောင်လောက်ကိုပဲ ယာယီနေအိမ်တွေမှာ နေရာချထားပြီး ကူညီကယ်ဆယ်မှုတွေ ပေးနိုင်ပါသေးတယ်။