တီအန်အယ်လ်အေ ရန်ပုံငွေထည့်ဖို့ ရှမ်းပြည်သူ့စစ်အဖွဲ့ဆီ စာပို့

Image caption SSA အသွင်ပြောင်း စိန်ကျော့ ပြည်သူ့စစ်ရဲ့ လွိုင်ဖာရေအားလျှပ်စစ် စက်ရုံ

ဇွန်လ ၁၅ ရက် နောက်ဆုံးထားပြီး တရုတ်ယွမ်ငွေ သိန်းချီ ရန်ပုံငွေ ထည့်ဝင်စေဖို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် တီအန်အယ်လ်အေ အဖွဲ့က ရှမ်းပြည်မြောက်ပိုင်းက အသွင်ပြောင်း ပြည်သူ့စစ်အဖွဲ့ဖြစ်တဲ့ SSA စိန်ကျော့ ပြည်သူ့စစ်အဖွဲ့ကို အကြောင်းကြားစာ ပေးပို့ထားပါတယ်။

မူဆယ်နဲ့ နမ့်ခမ်းမြို့အကြားက စယ်လန့်ရွာမှာ ရှိတဲ့ ပြည်သူ့စစ်အဖွဲ့ရုံးကို တီအန်အယ်လ်အေက အကြောင်းကြားစာ လာပေးသွားတယ်လို့ စိန်ကျော့ပြည်သူ့စစ်အဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုလွင်ဦး က ပြောပါတယ်။

တီအန်အယ်လ်အေ အခွန်ဌာနကလည်း အခွန်ပေးဆောင်ဖို့ စာပို့ထားတယ်လို့ ဘီဘီစီကို အတည်ပြုပါတယ်။

ရှမ်းမြောက် ဒေသမှာ လှုပ်ရှားနေတဲ့ တအာင်းပလောင် TNLA တပ်ဖွဲ့ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အခြားတိုင်းရင်းသားလက်နက်ကိုင်တွေနည်းတူ တန်းတူပါဝင်ခွင့်ရရေး ကန့်သတ်ခံထားရတဲ့ အဖွဲ့ဖြစ်ပါတယ်။

အခုလို ရှမ်းမြောက်ဒေသက ပြည်သူ့စစ်အဖွဲ့တဖွဲ့ကို တီအန်အယ်လ်အေက ရန်ပုံငွေ အခွန်ကောက်ခံတာဟာ ပြီးခဲ့တဲ့လက မူဆယ်မှာ ဖြစ်ပွားခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့တစ်ခုပိုင် လောင်းကစားရုံနဲ့ ဂိတ်တွေ တိုက်ခိုက်ခံရခဲ့ပြီးနောက် ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ဌာနချုပ်ကို သီပေါဒေသမှာ ထားရှိတဲ့ စိန်ကျော့အဖွဲ့ဟာ တရုတ်မြန်မာနယ်စပ် မူဆယ်နမ့်ခမ်း ဒေသမှာလည်း တပ်ဖွဲ့ဝင် အနည်းငယ်နဲ့ လှုပ်ရှားနေတာဖြစ်ပါတယ်။

နမ့်ခမ်းဒေသမှာ အရင်ကလည်း ရှမ်းလက်နက်ကိုင် အာစီအက်စ်အက်စ် နဲ့ တအာင်းပလောင် တပ်ဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ဖူးပြီး အခုလို လူမျိုးစုမတူတဲ့ လက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ အခါတိုင်း ဒေသတွင်း အခြေချ နေထိုင်တဲ့ တိုင်းရင်းသား လူမျိုးစု နှစ်စုအကြား ဆက်ဆံရေး အေးခဲတင်းမာမှုတွေ မကြာခဏဆိုသလို ရှိနေခဲ့ပါတယ်။

ရှမ်းပြည်သူ့စစ် စိန်ကျော့အနေနဲ့ အခွန်ပေးမှာ မဟုတ်တဲ့ အကြောင်းကို ဒေသခံတွေကို ပြောဆိုထားပြီး ဖြစ်သလို လုံခြုံရေး တိုးမြှင့်မှုတွေ ရှိလာတာကြောင့် ဒေသခံတွေကလည်း စိုးရိမ်မကင်း ဖြစ်နေတယ်လို့ နမ့်ခမ်းမြို့ခံ စိုင်းအောင်ဝင်းက ပြောပါတယ်။

SSA အသွင်ပြောင်း စိန်ကျော့ ပြည်သူ့စစ်ဟာ ၂ဝ၁ဝ ခုနှစ်မှာ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းထားတဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းရဲ့ တပ်ဖွဲ့ဟောင်းဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရစစ်တပ် တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ပူးပေါင်းပါဝင် တိုက်ခိုက်လေ့မရှိတဲ့ တခုတည်းသော ရှမ်းပြည်အခြေစိုက် ပြည်သူ့စစ်တပ်ဖွဲ့ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ