ပုဂံ ဟိုတယ်ဝင်းထဲက စေတီတွေကို ဖူးနိုင်လား

ဓာတ်ပုံ မူပိုင် Save Bagan facebook
Image caption လွတ်လွတ်လပ်လပ်ဖူးနိုင်ခွင့်ပေးဖို့ ကိစ္စအပါအဝင် အချက် ၅ ချက်ကို တောင်းဆို

ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေက ဟိုတယ် ခြံဝန်းတွေ ထဲမှာ ရောက်နေတဲ့ ရှေးဟောင်း စေတီတွေကို သီးသန့် ဖယ်ပေး ဖို့နဲ့ အများ ပြည်သူ အချိန် မရွေး သွားရောက် ဖူးမျှော် နိုင်အောင် စီစဉ် ပေးဖို့ တောင်းဆို ထားတာ ၂ နှစ်ပြည့် ပေမယ့် လုပ်မပေး သေးလို့ ဆိုပြီး ပုဂံမြို့ အခြေစိုက် Save Bagan အဖွဲ့က ကြာသပတေး နေ့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ထပ်မံ တောင်းဆို လိုက်ပါ တယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အပါ အဝင် သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး ဌာနနဲ့ မန္တလေးတိုင်း အစိုးရ အဖွဲ့ကို ဒေသခံ ရှစ်ထောင် ကျော်ရဲ့ လက်မှတ် တွေနဲ့ တင်ပြ တောင်းခံ ထားတဲ့ ဟိုတယ် အဆောက် အဦနဲ့ ဟိုတယ် ခြံဝန်းတွေ ထဲက ရှေးဟောင်း စေတီ ပုထိုးတွေကို သီးသန့် ထားပေး ဖို့နဲ့ လွတ်လွတ် လပ်လပ် ဖူးနိုင်ခွင့် ပေးဖို့ ကိစ္စ အပါ အဝင် အချက် ၅ ချက်ကို ခုချိန်ထိ အရေး တယူ လုပ်မပေး သေးဘူးလို့ Save Bagan အဖွဲ့က ထုတ်ပြောခဲ့ ပါတယ်။

ဟိုတယ် ဝင်းထဲက ရှေးဟောင်း စေတီ ပုထိုးတွေကို လေ့လာဖို့ ကိစ္စ အချိန် အကန့် အသတ်နဲ့ ခွင့်ပြု ပေးပြီး ဖြစ်တဲ့ အကြောင်းနဲ့ ဒီရှေးဟောင်း စေတီတွေကို သီးသန့် ဖယ်ထုတ်ဖို့ ကိစ္စ ကတော့ ရှေးဟောင်း ဌာနက ခွင့်ပြုတာ မဟုတ်တဲ့ အတွက် အခက် အခဲ ရှိကြောင်း ရှေးဟောင်း သုတေသနနဲ့ အမျိုးသား ပြတိုက် ဦးစီး ဌာန ပုဂံ ဌာနခွဲ ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောပါတယ်။

လက်ရှိ ဟိုတယ်နဲ့ ခြံဝန်းတွေ ထဲမှာ ရောက်နေတဲ့ ရှေးဟောင်း စာရင်းဝင် ခြေတော်ရာ၊ ပုထိုး၊ စေတီ၊ အုတ်ကျောင်း စုစုပေါင်းဟာ ၁ဝဝ ကျော်ရှိပြီး ဧဒင် အုပ်စု ဟိုတယ် ထဲမှာတင် ၂၂ ဆူ ရှိနေ တယ်လို့ Save Bagan အဖွဲ့က ဆိုပါတယ်။

Image caption ရှေးဟောင်း စာရင်းဝင် ခြေတော်ရာ၊ ပုထိုး၊ စေတီ၊ အုတ်ကျောင်း စုစုပေါင်း ၁ဝဝ ကျော်ရှိ

Save Bagan အဖွဲ့ ကတော့ သူတို့ ပုဂံသူ ပုဂံသား တွေကို ၁၉၉၀ ကတည်းက ရှေးဟောင်းဇုန် ကနေ မောင်းထုတ်ပြီး မြို့သစ်မှာ နေခိုင်းပေမယ့် ဟိုတယ် လုပ်ငန်းရှင် တွေကို စည်းမဲ့ ကမ်းမဲ့ ခွင့်ပြုတဲ့ ကိစ္စကို ဥပဒေနဲ့ အညီ အရေးယူပေးဖို့ လိုလား နေပါတယ်။

ဒါ့အပြင် ပညာရှင် မပါဘဲ ရှေးဟောင်းတွေ ပြင်နေတာရပ်ဖို့ ၊ ရှေးဟောင်းယဉ်ကျေးမှုဇုန် အတွက် ဆိုပြီး အများပိုင် တောင်သူ ယာမြေတွေ သိမ်းထား တာပန် ပေးဖို့ ၊ မြစ်ကမ်းဘေးမှာ ရှိတဲ့ ဟိုတယ်တွေက မြစ်ကမ်းဘက်ကို တာဖို့ပြီး နေရာတွေ တိုးချဲ့ ယူလို့ မြစ်ကြောင်း ပြောင်းလဲ တာတွေ ကမ်းပြို တာတွေ ဖြစ်တာမို့ ဒီကိစ္စ ကိုလည်း လက်ရှိ အစိုးရ အနေနဲ့ အရေးတယူ ဆောင်ရွက် ပေးဖို့ တောင်းဆိုခဲ့ ပါတယ်။

ဒီ တောင်းဆိုချက် တွေကို သုံးလ အတွင်း မလိုက်လျော ပေးဘူးဆိုရင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နဲ့ နိုင်ငံတော် သမ္မတ ကို ဆက်လက် တိုင်ကြား မယ်လို့ ပြောပါတယ်။

Save Bagan အဖွဲ့မှာ ပုဂံ ဒေသခံ ဧည့်လမ်းညွန်တွေ၊ ဈေးသည်တွေနဲ့ ပုဂံကို ထိမ်းသိမ်း လိုသူ ၁ဝဝ ကျော်နဲ့ ဖွဲ့စည်း ထားတာ ၂ နှစ် ပြည့်ပြီ လို့လည်း သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ