နေရာတချို့ ရေကြီးရေလျှံ

ဓာတ်ပုံ မူပိုင် Saw Htet Naing
Image caption နမ့်လန်ကျေးရွာ ရေကြီးတဲ့ မြင်ကွင်း

ဇွန် ၇ ရက်နေ့ မနက်ပိုင်းက မိုးသည်းထန်ခဲ့တဲ့အတွက် မကွေး၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည် မြောက်ပိုင်းတို့မှာ ရေကြီး ရေလျှံမှု ဖြစ်ခဲ့ပါတယ်။

နေအိမ်တွေ ရေထဲမျောပါသွားတာတွေ လည်းရှိခဲ့တဲ့ ရေကြီးမှုကို ရှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်ကျေးရွာ အုပ်စုက အဆိုးရွားဆုံး ခံစားခဲ့ရ ပါတယ်။

ကျေးရွာ ၁၆ရွာ ရှိတဲ့ နမ့်လန် ကျေးရွာအုပ်စုမှာ ရွာတွေ အားလုံး ရေဝင်ပြီး ရေကြီးတဲ့ဒဏ် ခံရတာ ဖြစ်လို့ လူဦးရေ ၃ ထောင်ကျော် အထိ ရေဘေး သင့်ခဲ့ တယ်လို့ သီပေါမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

နမ့်လန်ဒေသခံ တဦးဖြစ်တဲ့ စိုင်းခမ်းအောင်က ကြာသပတေး မနက် စောစော ၅ နာရီ လောက်ကနေ က ၈ နာရီလောက် အထိ မိုးသည်းထန်ခဲ့ပြီး နေ့လယ် ၁ နာရီလောက်မှာ မြို့ထဲကို ရေတွေ စတင် ဝင်လာပြီး ရေကြီး ရေလျှံဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

လမ်းတွေ အတော်များများ ပျက်စီးခဲ့ပြီး သောက်သုံးရေ မရတဲ့ အထိ အခက်အခဲ ဖြစ်နေတယ် လို့လည်း သူက ဆိုပါတယ်။

နမ့်လန်မှာ ဇွန် ၆ ရက်နေ့ ကလည်း နေအိမ် ၂လုံး မျောပါသွားတဲ့အထိ မိုးသည်းထန် ခဲ့ပါသေးတယ်။

ရေဘေးဒဏ် သင့်နေတဲ့ နမ့်လန် ဒေသခံတွေကို ပရဟိတအသင်း တချို့က သွားရောက် ကူညီထောက်ပံ့နေသလို သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း ပျက်စီးဆုံးရှုံးမှု အခြေအနေကို ကွင်းဆင်း ကောက်ယူ နေတာ တွေ့ရတယ်လို့ သီပေါမြို့ အခြေစိုက် အကျိုးဆောင် လူငယ် လူမှုကူညီရေး အသင်း တာဝန်ခံ တစ်ယောက်က ပြောပါတယ်။

မကွေးတိုင်း ပခုက္ကူမြို့ မှာလည်း မေလ ၆ ရက်ကနေ ၇ ရက်နေ့ မနက်အထိ ချောင်းရေ အလုံးအရင်းနဲ့ ကျလာတဲ့ အတွက် အိမ် ၈လုံး ရေထဲ မျောသွား ခဲ့တယ်လို့ ပခုက္ကူ ဒေသခံ ကိုကျော်သူရိန်အောင်က ပြောပါတယ်။

စစ်ကိုင်းတိုင်းက ရေဦးနဲ့ တန့်ဆည်မြို့ အကြား ရေဦး- ကလေးဝ ကားလမ်းမပေါ်မှာလည်း ရေကျော်ပြီး နေ့လယ်ပိုင်းလောက် အထိ ကားနဲ့ ဆိုင်ကယ်တွေ သွားလာလို့ မရဘဲ အခက်အခဲတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဇွန်လဟာ မိုးရာသီ ရေကြီးတဲ့ ကာလ ဖြစ်တာကြောင့် ရုတ်တရက် မိုးကြီး၊ ရေလျှံတာနဲ့ လျှပ်တပြက် မြေပြိုတဲ့ အန္တရာယ်ကို သတိထားကြဖို့ မိုးလေဝသ ပညာရှင် တွေက သတိပေး ပြောဆိုထား ပါတယ်။

ဆက်စပ် အကြောင်းအရာများ