စိတ်ကြွဆေးအန္တရာယ် မွန်ပြည်နယ်ထဲ ဆိုးရွားနေ

Image caption WY စာလုံးပါတဲ့ ယာဘ စိတ်ကြွဆေး

မွန်ပြည်နယ်ထဲ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီး ရရှိမိသူတွေထဲ တက္ကသိုလ် ကျောင်းသားတွေလည်း ပါဝင်နေပြီး မူးယစ်ဆေး ပြဿနာ ကြီးကြီးမားမား ရင်ဆိုင် နေရတယ်လို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

သုံးစွဲသူတွေ ကိုယ်တိုင် မူးယစ်ဆေး ဖြန့်သူတွေ ရောင်းသူတွေ အဖြစ် ရောက်ရှိ သွားကြတဲ့ ပြဿနာမျိုး ရှိနေတယ်လို့လည်း သထုံမြို့နယ်က ပြည်နယ်လွှတ်တော် အမတ် ဦးအောင်ကျော်သူက ဆိုပါတယ်။

အလွယ်တကူ ဝယ်ယူ နိုင်နေတဲ့ WY စာလုံးပါ စိတ်ကြွ ဆေးပြားတွေရဲ့ ပြဿနာဟာ အဆိုးဆုံး ဖြစ်တယ်လို့ ဦးအောင်ကျော်သူက ပြောပါတယ်။

အရေအတွက် အများအပြား ထုတ်နိုင်တဲ့ အဲဒီ စိတ်ကြွဆေးပြားတွေဟာ အလွန်အမင်း ပြန့်နှံ့ နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Image caption ထောင်တွေထဲ မူးယစ်မှုက ထက်ဝက်မက ရှိနေ

မွန်ပြည်နယ်ထဲ မူးယစ်ဆေး သုံးစွဲသူတွေ များပြား လာတယ် ဆိုတဲ့ အချက်ကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြည်နယ်လွှတ်တော်ထဲ သတိပေး ပြောဆိုခဲ့ပါတယ်။

မော်လမြိုင်နဲ့ သထုံထောင်တွေထဲက အကျဉ်းသား ထက်ဝက်ကျော် ၆၅ ရာခိုင်နှုန်းဟာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျ နေသူတွေ ဖြစ်တယ်လို့ ပြည်နယ် ဝန်ကြီးချုပ်က ထောက်ပြခဲ့ပါတယ်။

အခု ရက်ပိုင်းတွေ ထဲမှာပဲ မြန်မာ နိုင်ငံထဲကနေ ထုတ်တဲ့ စိတ်ကြွ ဆေးပြားတွေရဲ့ အန္တရာယ်ကို ရင်ဆိုင် ဖြေရှင်း နေရတယ် ဆိုပြီး အိမ်နီးချင်း ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေက ပြောနေကြပါတယ်။

မလေးရှားနိုင်ငံမှာလည်း မြန်မာပြည်ကနေ လာတဲ့ မူးယစ်ဆေးတွေ ပမာဏ အမြောက်အများ ဖမ်းဆီး မိခဲ့တဲ့နောက် မြန်မာ အာဏာပိုင်တွေ အနေနဲ့ စုံစမ်း ဖော်ထုတ်မှုတွေ ပြုလုပ် နေရပါတယ်။

Image caption မွန်ပြည်နယ်လွှတ်တော်ထဲမှာလည်း မူးယစ်ပြဿနာကို အကြိမ်ကြိမ် ဆွေးနွေးခဲ့

ရှမ်းပြည်နယ်ကနေ ထိုင်း-မြန်မာ နယ်စပ်ဆီ စီးဆင်းနေတဲ့ ဆေးပြားတွေဟာ တခါ မြန်မာနိုင်ငံထဲ ပြန်ဝင်လာပြီး မွန်ပြည်နယ်ကို ဖြတ်လို့ ရန်ကုန်ထိ သွားနေကြတယ်လို့ နားလည်ထားကြောင်း သထုံက ပြည်နယ် လွှတ်တော်အမတ် ဦးအောင်ကျော်သူက ပြောပါတယ်။

ပြည်နယ်ထဲ ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်တွေ ကနေ တဆင့် အခုလို ပြောနိုင်တာလို့ ဆိုပါတယ်။

အလုပ်လက်မဲ့ ပြဿနာကြောင့် လူငယ်တွေ မူးယစ်ဆေးဘက် ရောက်သွားတာမျိုး ရှိသလို၊ စီးပွားရေး အဆင်မပြေလို့ စိတ်ထွက်ပေါက် အနေနဲ့ အသုံးပြုကြတာမျိုးလည်း တွေ့ရတယ်လို့ ဦးအောင်ကျော်သူက ဆိုပါတယ်။

ဘယ်လို အကြောင်းကြောင့် ဖြစ်စေ မူးယစ်ဆေး ဖြန့်ချီ သူတွေဟာ သုံးစွဲသူတွေကိုပါ ရောင်းချသူ ဖြစ်လာအောင် အသုံးချပြီး စျေးကွက် ချဲ့ထွင်နေတယ်လို့ ဦးအောင်ကျော်သူက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မလေးရှားမှာ မိတဲ့ မူးယစ်ဆေးတွေနဲ့ မသင်္ကာသူကို ရဲတပ်ဖွဲ့ ဖမ်းဆီး

မူးယစ်ဆေး ပြဿနာ အကြောင်း မွန်ပြည်နယ် လွှတ်တော်ထဲ ဆွေးနွေးကြ၊ ဆုံးဖြတ်ချက်တချို့ ချခဲ့တာမျိုးတွေ ရှိပေမယ့် လက်တွေ့မှာတော့ ပြဿနာကို ထိရောက်အောင် မကိုင်တွယ် နိုင်သေးဘူးလို့ ဦးအောင်ကျော်သူက ဆိုပါတယ်။

တာဝန်ယူ ကိုင်တွယ်ရတဲ့ ရဲတပ်ဖွဲ့လို အဖွဲ့အစည်းတွေ အတွက် လူအင်အား၊ ဘတ်ဂျက်အင်အားတွေ ပိုမို သုံးစွဲဖို့ လိုအပ် နေသလို၊ မူးယစ်ဆေး ဖြတ်လိုသူတွေ အတွက် ပြန်လည် ထူထောင်ရေး စခန်းတွေ ဖွင့်ပေးရမှာမျိုးလို လုပ်ဆောင်ရမှာတွေ အများကြီး ရှိနေတယ်လို့ ဦးအောင်ကျော်သူက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ