အဂတိကျော်စောမှုကို အရေးယူနိုင်ရေး ဥပဒေကြမ်းမှာ ထည့်သွင်း

အဂတိကျော်ဇောမှု,အဂတိတိုက်ဖျက်ရေး ကော်မရှင်သစ်,FDA ညွှန်ချုပ်
ဓာတ်ပုံ ပုံစာ,

FDA ညွှန်ချုပ်ဟာ အဂတိတိုက်ဖျက်ရေး ကော်မရှင်သစ်လက်ထက်မှာ ပထမဆုံး ဖမ်းဆီးတရားစွဲခံရတဲ့ အဆင့်မြင့်အရာရှိတဦးဖြစ်

အားနည်းချက်တွေ ရှိနေတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ဖြည့်စွက် ပြင်ဆင်ရေးဆွဲခဲ့ပြီး ပြန်လည်ပေးပို့ထားပြီး ဖြစ်တယ်လို့ ဇွန်လ ၆ ရက်မှာ ကျင်းပတဲ့ လွှတ်တော် အစည်းအဝေးမှာ အတည်ပြုခဲ့ပါတယ်။

ဒီဥပဒေကြမ်းဟာ ဥပဒေရေးရာ ပိုမိုအားကောင်းဖို့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပင်မကြီးတစ်ခုလုံးမှာ လိုအပ်တဲ့အချက်တွေကို ဖြည့်စွက်ရေးသားပြုစုပြီး အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ၂ ရပ်လုံးကို ပေးပို့ထားတာ ဖြစ်တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပြောဆိုပါတယ်။

ဖြည့်စွက်ပြင်ဆင်ရေးဆွဲခဲ့တဲ့ အချက်တွေမှာ ကျော်စောမှုဆိုတဲ့ အမှုကိစ္စရပ်ကို အရေးယူနိုင်ဖို့ ထည့်သွင်းထားတယ်လို့ လည်း ဥပဒေကြမ်းကော်မတီရဲ့ ဆွေးနွေးမှုမှာ ပါဝင်ဆွေးနွေးခဲ့တဲ့ ရန်ကုန်တိုင်း ဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ပြောပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အသစ်ကို ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည် ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ပါတယ်။

ဥပဒေအဟောင်းက အချက်အလက် ၂၀ ကျော်ကို ပြင်ဆင်ဖို့ ကော်မရှင်က ဆောင်ရွက်ထားကြောင်းနဲ့ ပြင်ပြီးသွားရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းတွေကို ပိုမိုပီပြင်စွာ လုပ်ဆောင် လာနိုင်ဖို့ ရည်ရွယ်တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ညွှန့်က ပြောဆိုပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ၂ဝ၁၃ ခုနှစ် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှာ ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေမှာ ပါရှိတဲ့အချက်တွေက ထိရောက်စွာ အရေးယူနိုင်မှု မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေကြောင့် ၂ဝ၁၄ ခုနှစ်မှာ ပထမတစ်ကြိမ်၊ ၂ဝ၁၆ မှာ တစ်ကြိမ်၊ ၂ဝ၁၇ တစ်ကြိမ်နဲ့ အခုလွှတ်တော်သက်တမ်း အတွင်းမှာ စတုတ္ထအကြိမ်အဖြစ် ပြန်လည်ဖြည့်စွက် ရေးဆွဲနေတာ ဖြစ်တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောဆိုပါတယ်။