ရခိုင်မြောက်ပိုင်းအရေး အတွက် သမ္မတအိမ်တော်မှာ ထိပ်သီးခေါင်းဆောင်တွေ ဆုံ

ဓာတ်ပုံ မူပိုင် Myanmar President Office
Image caption ရခိုင်ပြည်နယ် အရေးကိစ္စအပါအဝင် နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးတဲ့ အရပ်ဘက် ၊ စစ်ဘက် ၊ လွှတ်တော် ခေါင်းဆောင်တွေရဲ့ အစည်းအဝေး

ရခိုင်ပြည်နယ် အရေးကိစ္စအပါအဝင် နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးတဲ့ပွဲ ကို သမ္မတ ဦးဝင်းမြင့် က သူ့အိမ်တော်မှာ ဇွန်လ ၈ ရက်နေ့ မနက်ပိုင်း က ကျင်းပခဲ့ပြီး တက်ရောက် ဆွေးနွေးခဲ့တဲ့ ခေါင်းဆောင်တွေထဲ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် တို့လည်း ပါဝင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လည်လက်ခံနိုင်ရေးအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အစိုးရအကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တဲ့ အခြေအနေ ၊ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းမှုတွေနဲ့ စင်္ကာပူမှာ ကျင်းပခဲ့တဲ့ အာရှပစိဖိတ် လုံခြုံရေးဆိုင်ရာ ရှန်ဂရီလာ ဆွေးနွေးပွဲနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို အဓိကထားဆွေးနွေးခဲ့ကြတဲ့ အကြောင်း သမ္မတရုံး က သတင်း ထုတ်ပြန် ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အရေးနဲ့ နယ်စပ်လုံခြုံရေးကိစ္စတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်မြောက်ပိုင်း က မွတ်ဆလင်ဘာသာဝင်တွေ ၇ သိန်း ကျော် ဘင်္ဂလားဒေ့ရှ် နယ်စပ် ဒုက္ခသည်စခန်း ကို ထွက်ပြေးခဲ့ကြပြီးတဲ့နောက် မြန်မာနိုင်ငံ ကို နိုင်ငံတကာ အသိုင်းအဝိုင်း က စောင့်ကြည့် နေကြတာပါ။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း ရခိုင်မြောက်ပိုင်း က လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတွေ အကြားဆွေးနွေးခဲ့ကြသလို၊ လုံခြုံရေး ကောင်စီအဖွဲ့ က စေလွှတ်တဲ့ ကိုယ်စားလှယ်တွေလည်း မြန်မာနိုင်ငံ ကို လာရောက်ခဲ့ကြပါတယ်။နိုင်ငံတကာ ဖိအား တွေ ကြားရောက်ခဲ့တဲ့ မြန်မာအစိုးရ အနေနဲ့ အဲဒီ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖို့အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် တခု ကို နိုင်ငံတကာ က ပုဂ္ဂိုလ် တယောက်ပါ ထည့်သွင်းဖွဲ့စည်းမယ် လို့ ကြေညာပြီးတဲ့နောက် စစ်တပ်ခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ က အမတ်တွေ က ဒီအရေး ကို လွှတ်တော်မှာ ဆွေးနွေးဖို့ အရေးကြီး အဆို တင်ခဲ့ပါတယ်။

ဒီလိုအခြေအနေတွေနောက်ပိုင်း ပြည်ထောင်စုလွှတ်တော် ကျင်းပမယ့် အစီအစဉ်ကို ရက် ရွှေ့ဆိုင်းလိုက်ပြီး အခုအစည်းအဝေး ကို ခေါ်ယူခဲ့တာပါ။

အမျိုးသားဒီမိုကရေစီ အစိုးရ နဲ့ စစ်တပ်ခေါင်းဆောင်ပိုင်း တွေ အကြား ဒီအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာကို တုန့်ပြန်ဆောင်ရွက်ပုံတွေ တူညီအောင်ကြိုးစားမယ့် တွေ့ဆုံပွဲ လို့ ခန့်မှန်းပြောဆို တာတွေ လည်း ထွက်ပေါ်နေပါတယ်။မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာသောင်းထွန်း က ဘယ်နိုင်ငံမဆို၊ အမျိုးသားရေး အကျိုးစီးပွားကို ဦးစားပေး ကြည့်ကြတာ ဖြစ်ပေမယ့် နိုင်ငံတကာ က ချမှတ်ကျင့်သုံးနေတဲ့ အခြေခံမူတွေ၊ နိုင်ငံတကာ ဥပဒေတွေ နဲ့ လည်း သိပ်ကင်းကွာပြီး နေလို့ မရတဲ့အကြောင်းနဲ့ အရင် စစ်အစိုးရခေတ်တုံးကလို တရုတ်နိုင်ငံကို ပဲ အားကိုးပြီး နိုင်ငံတကာ ဆက်ဆံရေး လုပ်မယ် ဆိုရင်တော့ မြန်မာ့ ဒီမိုကရေစီရေး၊ ဖွံ့ဖြိုးရေးတို့ အတွက် ရေရှည်မှာ အကျိုးဖြစ်လာမှာ မဟုတ်ကြောင်း သုံးသပ်ပါတယ်။