ကြံ့ခိုင်ရေးအရေးကြီးအဆို ရှုံးနိမ့်

လွှတ်တော်က စစ်တပ်ကိုယ်စားလှယ်တွေ ဓာတ်ပုံ မူပိုင် EPA
Image caption လွှတ်တော်က စစ်တပ်ကိုယ်စားလှယ်တွေ

ရခိုင်ပြည်နယ်အရေးစုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ပြည်တွင်းပညာရှင်နဲ့သာဖွဲ့စည်းဖို့ဆိုတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့အရေးကြီးအဆိုဟာ ဇွန်လ ၁၁ ရက်နေ့က ကျင်းပတဲ့ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ အဲဒီအဆို ရှုံးနှိမ့်ခဲ့ပါတယ်။

လွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီ၊ တပ်မတော်ကိုယ်စားလှယ်နဲ့ ရခိုင်ပါတီကကိုယ်စားလှယ်တွေက အရေးကြီးအဆိုကိုထောက်ခံခဲ့ပေမဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်ဒီရဲ့လွှတ်တော်အမတ်တွေက ကန့်ကွက်ခဲ့ပါတယ်။

ဒီအရေးကြီးအဆိုကိုဆွေးနွေးဖို့ ပြီးခဲ့တဲ့ဇွန်လ ၈ ရက်နေ့က လွှတ်တော်ရပ်နားခဲ့ရပြီးပါသေးတယ်။

အဆိုကိုထောက်ခံတဲ့အကြောင်းကို တပ်မတော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးခင်မောင်ချိုက မြန်မာနိုင်ငံသားမဟုတ်တဲ့ နိုင်ငံတကာကပုဂ္ဂိုလ်က အချုပ်အခြာအာဏာကိုပိုင်ဆိုင်တဲ့ မြန်မာနိုင်ငံသားတွေကို စုံစမ်းစစ်ဆေးမယ့်သဘောဆိုတော့ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ထိပါးသလိုဖြစ်နေတယ်လို့ ပြောပါတယ်။

လွပ်လပ်တဲ့စုံစမ်းစစ်ဆေးအဖွဲ့မှာ နိုင်ငံတကာပုဂ္ဂိုလ်တဦးအပါအဝင်အဖွဲ့ဝင် ၃ ဦးနဲ့ဖွဲ့စည်းဖို့ သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပေမဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအမတ်တွေက ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က ကန့်ကွက်အဆိုတင်သွင်းခဲ့ပါတယ်။

နိုင်ငံတော်အချုပ်အခြာအာဏာနဲ့ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာကို လေးစားယုံကြည်တဲ့အနေနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ပြည်တွင်းက ကျွမ်းကျင်ပညာရှင်တွေနဲ့သာ ဖွဲ့စည်းဖို့ ကြံ့ခိုင်ရေးပါတီအမတ်ဖြစ်တဲ့ မိုင်းပန်မဲဆန္ဒနယ်က ဦးစိုင်းကျော်မိုးက အဆိုပြုခဲ့ပါတယ်။

ဘယ်သူဘယ်ဝါမှန်းမသိရတဲ့နိုင်ငံတကာကပုဂ္ဂိုလ်ဆီမှာ ရခိုင်ပြည်နယ်အရေးကို ပုံအပ်ရမယ့်ကိစ္စမှာ စိုးရိမ်စရာကောင်းတယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ကိုယ်စားလှယ်ဦးလှစော ကပြောပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့အရေးကြီးအဆိုကို ကန့်ကွက်တဲ့ အန်အယ်ဒီရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်တဲ့ ဦးလွင်ကိုလတ် ကတော့ မြန်မာအစိုးရအနေနဲ့ နိုင်ငံရဲ့ချုပ်အခြာအာဏာရော နိုင်ငံသားရဲ့ဂုဏ်သိက္ခာကိုပါမထိပါးပဲ နိုင်ငံတကာနဲ့ ဟန်ချက်ညီညီပူးပေါင်းဆောက်ရွက်မှုလုပ်ရမယ့်အချိန်ဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံတကာက ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး အချက်အလက်မှန်စုံစမ်းဖော်ထုတ်ဖို့တောင်းဆိုတာဟာ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်ကောင်းရောက်နိုင်ပေမဲ့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့ဝင်ရောက်ပတ်သက်မှုကို မှန်ကန်တဲ့နည်းလမ်းနဲ့ သေသေချာချာတုန့်ပြန်ဖို့လိုတယ်လို့ ဦးလွင်ကိုလတ် က ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ