ကလေးနဲ့ အမျိုးသမီး အများစုပါတဲ့ မွတ်ဆလင်တွေ ရခိုင်မှာ ဖမ်းမိ

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ကလေးများ

ရသေ့တောင်မြို့နယ် ဆင်ပိုက်နဲ့ အောင်ဗလ ရွာကြားက ပင်လယ် ကမ်းစပ်မှာ လူပေါင်း ၁၀၁ ယောက် ပါဝင်တဲ့ လူအုပ်စုကို ဒေသခံ ရခိုင် တိုင်းရင်းသား တွေက တွေ့ရှိခဲ့ကြပြီးနောက် နယ်ခြားစောင့် တပ်ဖွဲ့က ထိန်းသိမ်းလိုက် ပါတယ်။

စက်လှေနဲ့ မလေးရှားသွားမယ် ဆိုတဲ့ အဲဒီ ဖမ်းဆီးမိသူ အမျိုးသား ၃၄ ယောက်၊ အမျိုးသမီး ၅၆ ယောက်နဲ့ ကလေး ၁၁ယောက်ကို ဇွန်လ ၁၁ ရက်နေ့ နေ့လယ်က မောင်တောကို ခေါ်သွားခဲ့ ပါတယ်။

အဲဒီ ဖြစ်ရပ်မှာ ကိုယ်တိုင် ပါဝင် ဆောင်ရွက်ခဲ့သူ အောင်ဗလ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းမြက ကတော့ အဲဒီလူတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကယုချောင်း (တက်ကနက်) ကနေ မလေးရှားကို သွားကြတာ ဖြစ်ပြီး စက်လှေ ပျက်ရာက သောင်တင်ခဲ့ကြောင်း သူတို့က ပြောတယ်လို့ ဆိုပါတယ်။

သူတို့စီးလာတဲ့ စက်လှေ စက်ပျက်သွားတဲ့ ပင်လယ်ထဲမှ ၂ ရက်လောက် နေခဲ့ရပြီးမှ အခုလို ပင်လယ် ကမ်းခြေမှာ သောင်တင် လာခဲ့တာဖြစ်တယ်လို့ ပြောကြောင်း လည်း သူက ပြော ပါတယ်။

အဲဒီလူတွေထဲမှာ ရခိုင်စကား ပြောတတ်သူ တစ်ယောက်ပဲ ပါပြီး ဘယ်နိုင်ငံသားတွေ ဆိုတာလည်း မသိကြောင်း ဦးမောင်သန်းမြက ပြောပါတယ်။

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ ကတော့ သူတို့ကို ငခူရ လက်ခံရေး စခန်းမှာ စိစစ်မယ်လို့ ပြောပါတယ်။

အဲဒီမှာ လူဝင်မှု ကြီးကြပ်ရေး ကိစ္စတွေ စစ်ဆေးပြီးမှ သူတို့ ဘယ်နိုင်ငံ သားတွေဖြစ်တယ်၊ ဘယ်ကလာတယ်ဆိုတာကို ပြောနိုင်မယ်၊ စစ်ဆေးပြီး ဥပဒေနဲ့ အညီ ဆက်လက်ဆောင်ရွက် သွားမယ်လို့ လည်း သူက ဘီဘီစီကို ပြောပါတယ်။

ဖမ်းဆီးမိသူတွေကို အခု ခေါ်သွားတဲ့ ငခူရ စခန်း ဆိုတာက မောင်တောမြို့နယ် မြောက်ပိုင်းမှာ ဘင်္ဂလာဒေ့ရှ် နိုင်င်ငံက ပြန်လာသူတွေအတွက် ဖွင့်လှစ်ထားတဲ့ လက်ခံရေးစခန်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Ni Ni Moe FB
Image caption ဖေဖော်ဝါရီ ၃ ရက်နေ့က ဖမ်းဆီးမိခဲ့တဲ့ ရခိုင်ပြည်နယ်ကနေ လာကြတဲ့ မွတ်ဆလင်တွေကို ညောင်တုန်းရဲစခန်းမှာ တွေ့ရစဉ်

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကတော့ ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ ဆားမလောက်ကျေးရွာအနီးမှာ ရခိုင်ပြည်နယ်ကနေ လာတဲ့ ကားတစ်စီးပေါ်မှာ မွတ်ဆလင် ၂၁ ယောက်ကို ဦးကို ရဲတွေက ဖမ်းဆီးမိခဲ့ပါတယ်။

အဲဒီလူတွေက အသက် ၂၀ ကနေ ၄ဝ ဝန်းကျင် ယောက်ျားလေး ၁၂ ယောက် မိန်းကလေး ၅ ယောက် နဲ့ ကလေးငယ် ၄ ယောက် ဖြစ်ပြီး သူတို့တွေကို ကုန်တင်ကားပေါ်မှာ မိုးကာအုပ်ပြီး ခေါ်ဆောင်လာစဉ် ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ