ဧည့်အဝင်တိုးအောင် တရုတ်အပါအဝင် နိုင်ငံ ၃ခုကို ဆိုက်ရောက်ဗီဇာပေးမယ်

ဓာတ်ပုံ မူပိုင် MYANMAR PRESIDENT'OFFICE
Image caption နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ခရီးသွားညီလာခံ ကို ခရီးသွားလုပ်ငန်းနယ်ပယ်က လူ၂၀၀ကျော်တက်ရောက်ခဲ့

အနာဂတ်မြန်မာ့ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်မဲ့ကိစ္စတွေကိုဆွေးနွေးအဖြေရှာတဲ့ မြန်မာ့ ခရီးသွားလုပ်ငန်း ညီလာခံကို မနေ့က(ဇွန် ၁၂ရက်)နေပြည်တော်မှာကျင်းပခဲ့ပါတယ်။

မြန်မာ့ခရီးသွားလုပ်ငန်းအတွက် ပထမဆုံးအကြိမ်ကျင်းပတဲ့ ညီလာခံဖြစ်ပြီး ခရီးသွားလုပ်ငန်းမှာ လုပ်ကိုင်နေသူ ၂၀၀ ကျော် တက်ရောက်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

ဇွန် ၁၂ရက်နေ့က တစ်နေ့တာကျင်းပခဲ့တဲ့ ဒီခရီးသွားညီလာခံမှာ မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ ရှေ့ဆက် လုပ်ဆောင်ရမဲ့ မူကြမ်းတစ်ခုကိုလည်း ထုတ်ပြန်နိုင်ခဲ့ပါတယ်။

အဲဒီမူကြမ်းမှာ ခရီးသွားလုပ်ငန်းတိုးတက်လာဖို့အတွက် ဈေးကွက်မြှင့်တင်တာနဲ့ ဈေးကွက်ရှာဖွေတာကို စနစ်တကျ လုပ်ဆောင်သွားဖို့အပြင် နိုင်ငံတော်ကပေးနေတဲ့ အသေးစားအလတ်စားလုပ်ငန်းတွေနည်းတူအခွင့်အရေးရရှိရေး ဆောင်ရွက်ဖို့လည်းပါပါတယ်။

ဒါ့အပြင် မြန်မာ့ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးဖို့အတွက် နိုင်ငံတော်အစိုးရကနေ ထိုက်သင့်တဲ့ဘဏ္ဍာငွေ ချပေးပြီး ဥပဒေနဲ့အညီခရီးသွားရန်ပုံငွေထူထောင်ဖို့၊ ယဉ်ကျေးမှုအမွေအနှစ်များဖော်ထုတ်ပြသတဲ့ နေရာတွေ၊ ထင်ရှားတဲ့ ၁၂ လ ရာသီပွဲတော်တွေ၊ တိုင်းရင်းသားတွေရဲ့ရိုးရာဓလေ့ ပွဲတော်တွေကို စနစ်တကျ ဖော်ထုတ်ဖို့စတဲ့အချက်တွေဖြစ်ပါတယ်။

ဒီညီလာခံကနေရရှိတဲ့မူကြမ်းကိုသက်ဆိုင်ရာအစိုးရတာဝန်ရှိသူတွေထံတင်ပြပြီး အတည်ပြုချက်ရပြီးတဲ့ နောက်မှာတော့ အစိုးရ၊ လုပ်ငန်းရှင်နဲ့ ဒေသခံတွေနဲ့ပူးပေါင်းပြီး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်မှာဖြစ်ပါတယ်။

ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံကို နိုင်ငံခြားသားဝင်ရောက်မှုဟာ ၂၀၁၀ နောက်ပိုင်းကစပြီးနှစ်စဉ် တိုးတက်လာပေမဲ့ ဒီနှစ်မှာတော့ ဥရောပနိုင်ငံတွေက ကမ္ဘာလှည့်ခရီးသွားတွေဝင်ရောက်မှုကတော့ လျော့နည်းသွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး လူအခွင့်အရေးချိုးဖေါက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဥရောပနိုင်ငံတွေကမြန်မာနိုင်ငံကိုလာရောက်လည်ပတ် မှုနည်းသွားတာဖြစ်ပါတယ်။

ဥရောပနိုင်ငံတွေကအလာနည်းသွားတာကိုပြန်လည်တိုးတက်ဖို့အတွက် တရုတ်၊ဂျပန် နဲ့ကိုရီးယား နိုင်ငံသားတွေကို ပြည်ဝင်ခွင့်ဗီဇာ ဖြေလျှော့ပေးသွားဖို့ရှိတယ်လို့လဲ မြန်မာ့ခရီးသွား ညီလာခံကို တက်ရောက်လာတဲ့ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောသွားခဲ့ပါတယ်။

ဒီ ၃ နိုင်ငံကလာရောက်တဲ့သူတွေအနေနဲ့ ကြိုတင်ပြည်ဝင်ခွင့်လျှောက်ထားနေရာကနေ ဆိုက်ရောက် ပြည်ဝင်ခွင့်ထုတ်ပေးနိုင်အောင်ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး လာမဲ့အောက်တိုဘာလဆန်းလောက် အကောင်အထည်ဖော်နိုင်အောင် ရည်မှန်းချက်ထားလုပ်ဆောင်နေတယ်လို့ ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးတင့်သွင်ကပြောပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ခရီးသွားဒေသတွေက ဟိုတယ်အခန်းခနဲ့သယ်ယူပို့ဆာင်ရေး စရိတ်တွေ ဟာ ဒေသတွင်း နိုင်ငံတွေထက်မြင့်မားနေပြီး၊ အချို့သောခရီးစဉ်တွေမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲ တာတွေကြောင့် မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုဟာ ဒေသတွင်းနိုင်ငံတွေထက် နည်းနေသေးတယ်လို့ လေ့လာသူတွေက သုံးသပ်ထား ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ