ဖိအားနဲ့ ကူညီမှု ရောပြွန်းဖို့ရှိတဲ့ အိမ်ဖြူတော် အရာရှိရဲ့ ခရီးစဉ်

Image caption ရန်ကုန်မှာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့တဲ့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီ အာရှရေးရာ အကြီးတန်း ဒါရိုက်တာ

ထရန့်အစိုးရ အာရှရေးရာမူဝါဒ ချမှတ်နိုင်ရေးအတွက် အရေးပါတဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်တဲ့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီ အာရှရေးအကြီးတန်း ဒါရိုက်တာ မက်ပေါ့တင်းဂျား Matt Pottinger ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။

မြန်မာနိုင်ငံမှာဖြစ်တဲ့ လူနည်းစုတွေနဲ့ ဖြစ်တဲ့ အနိဌာရုံတွေအတွက် အစိုးရ တာဝန်ရှိသူတွေကို တာဝန်ယူမှု တာဝန်ခံမှု ရှိအောင် ဖိအားပေးပြောဆိုမှာဖြစ်တယ်လို့ သူက ပြောသလို ဒေသတွင်း ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေပေါ်ပေါက်လာအောင် အကူအညီပေးသွားမယ်လို့ ဒီကနေ့ မီဒီယာတွေနဲ့ တွေ့ဆုံမှာ ပြောပါတယ်။

သမ္မတထရန့်ရဲ့ စေလွှတ်မှုအရ မြန်မာကို ရောက်လာတဲ့ Matt Pottinger ဟာ ဇွန်လ ၁၄ ရက်နေ့မှာပဲ မီဒီယာတွေနဲ့ တွေဆုံခဲ့တာပါ။

စကာၤပူမှာလုပ်ခဲ့တဲ့ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ သမ္မတထရန့်တို့ရဲ့ ဆွေးနွေးပွဲကိုလည်း တက်ရောက်ခဲ့တဲ့သူဟာ ထရန့်အစိုးရရဲ့ အာရှရေးရာမူဝါချမှတ်မှုအတွက် အရေးပါတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်အတွင်းက မြင့်တက်လာနေတဲ့ ပဋိပက္ခတွေ၊ ရခိုင်ပြည်နယ်အတွင်း အကျပ်အတည်းတွေနဲ့ မူးယစ်ဆေးထုတ်လုပ်မှု ကိစ္စတွေကို အမေရိကန်အနေနဲ့ စိုးရိမ်မကင်းဖြစ်မိတယ်လို့ မစ္စတာမတ် ပိုတင်ဂျာက အမေရိကန် စင်တာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဖိနှိပ် ရက်စက်မှု အနိဌာရုံတွေအတွက် အစိုးရ တာဝန်ရှိသူတွေကို တာဝန်ယူမှု တာဝန်ခံမှု ရှိလာအောင် တဘက်တလမ်းကနေ ဖိအားပေးမှုတွေလုပ်မှာဖြစ်သလို လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးတာ သူတို့အတွက် တရားမျှတမှုတွေကို ဖော်ဆောင်ပေးတာဟာ ဒီမိုကရေစီအတွက်အရေးကြီးတဲ့ ကိစ္စဖြစ်တယ် အဲဒီကိစ္စတွေ ဖော်ဆောင်နိုင်မှု ရှိမရှိဆိုတာ ဒီမိုကရေစီအတွက် စမ်းသပ်မှုလည်း ဖြစ်လာပါလိမ့်မယ်လို့ မက်ပေါ့တင်းဂျား က ပြောပါတယ်။

Matt Pottinger ရဲ့ ခရီးစဉ် တရားဝင်သတင်းထုတ်ပြန်ချက်မှာ ရခိုင်အကျပ်အတည်းကိစ္စတွေမှာ အမေရိကန် အနေနဲ့ မြန်မာကို အခါအားလျော်စွာ ဝေဖန်ခဲ့ပေမယ့် ရခိုင်ကိစ္စနဲ့ မြန်မာ ကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းရာမှာ မိတ်ဆွေနိုင်ငံတနိုင်ငံအနေနဲ့ ဆက်လက်ရပ်တည်ကူညီပေးသွားဖို့ သန္နိဌာန်ပြုထားတယ်လို့ ဖော်ပြထားပါတယ်။

အထူးသဖြင့် ပဋိပက္ခဒဏ်ခံစားရသူတွေ ပြန်လည်ကူစားနိုင်ရေးနဲ့ ထူထောင်နိုင်ရေးလုပ်ငန်းစဉ်တွေအပါအဝင် ဲ့ ရင်းနှီးမြှပ်နှံမှုအတွက် အထောက်အကူပြုစေမယ့် လုပ်ငန်းတွေမှာ ဆက်လက်ကူညီသွားမယ်လို့ ဆိုထားတာပါ။

လူမှု စီးပွား ဖွံ့ဖြိုးအောင် ကူညီခြင်းကလည်း ဒီမိုကရေစီလမ်းကြောင်း မသွေဖည်အောင် ဦးတည်နိုင်စေလိမ့်မယ်လို့ မျှော်လင့်ကြောင်း မက်ပေါ့တင်းဂျား က ပြောပါတယ်။

ထရန့်အစိုးရအနေနဲ့ မြန်မာနိုင်ငံကို မဖြစ်မနေ ပိတ်ဆို့အရေးယူမှုတွေ လုပ်ရမယ်ဆိုရင်တောင် တဦးချင်း ပိတ်ဆို့မှုတွေလို ကျဉ်းမြောင်းတဲ့ ပိတ်ဆို့အရေးယူမှုတွေကိုသာ လုပ်သွားဖို့ ရှိနေပြီး ကျယ်ပြန်တဲ့ ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဖို့ စဉ်းစားနေရတာ မရှိကြောင်း ဒါပေမယ့်လည်း ကွန်ကရက်မှာတော့ မြန်မာကို ထိထိရောက်ရောက် အရေးယူဖို့ လိုနေတယ်ဆိုပြီး စိတ်ပူနေသူတွေ ရှိတဲ့အကြောင်းလည်း မက်ပေါ့တင်းဂျားက ပြောပါတယ်။

အမေရိကန်အနေနဲ့ ဒီမိုကရေစီ ၊ ငြိမ်းချမ်းရေး ၊ စီးပွားရေး ၊ဖွံ့ဖြိုးရေး ခေါင်းစဉ်တွေနဲ့ မြန်မာကို ကူညီပေးနေတာဖြစ်ပြီး ၂၀၁၇ ခုနစ် တနှစ်တည်းထဲမှာတင် ဒေါ်လာ သန်း ၁၂၀ လောက် ကူညီခဲ့တယ်လို့ အမေရိကန် သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မတ်ပိုတင်ဂျာရဲ့ ၃ ရက်ကြာ မြန်မာ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရထိပ်တန်း တာဝန်ရှိသူတွေ ၊ ကာကွယ်ရေးဝန်ကြီးတို့နဲ့ပါ တွေ့ဆုံဖို့ ရှိနေပါတယ်။