ရှစ်လေးလုံး ပြည်သူ့ပါတီကိစ္စ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ထပ်ဆွေးနွေးရဖို့ရှိ

ရှစ်လေးလုံး ပါတီ၊ ရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ,

ရှစ်လေးလုံးပါတီ မှတ်ပုံတင်ခွင့်ပြုဖို့ ဒီဇင်ဘာလ ၁၉ရက်နေ့မှာ လျှောက်ထားခဲ့

၁၉၈၈ ကျောင်းသားလှုပ်ရှားမှုမှာ ခေါင်းဆောင်ပါဝင်ခဲ့သူတွေ ပါဝင် တည်ထောင်တဲ့ ရှစ်လေးလုံး ပြည်သူ့ပါတီကို ကန့်ကွက်သူတွေ ရှိလို့ ပါတီအလံ၊ အမှတ်တံဆိပ်တွေ အသစ် ထပ်တင်ရမယ် ဆိုတဲ့အကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ဖော်ပြောပါတယ်။

တည်ထောင်ခွင့် ကျပြီး တရားဝင် အသိအမှတ်ပြု မခံရသေးတဲ့ ရှစ်လေးလုံး ပြည်သူ့ပါတီဟာ အဝါနဲ့ အနီ အလျားလိုက် အစင်းပေါ်မှာ ၈ ဂဏန်း လေးလုံးကို ဆက်ရေးထားတဲ့ သင်္ကေတ အမှတ်တံဆိပ်နဲ့ အလံကို မေလ ၂ ရက်နေ့က ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြခဲ့တာ ဖြစ်ပါတယ်။

မှတ်ပုံတင်ခွင့် ပြုဖို့ လျှောက်ထားတဲ့ ပါတီရဲ့ အမည်၊ အလံနဲ့ တံဆိပ်တို့ကို ကန့်ကွက်လိုပါက ၇ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄ ဃအရ ကော်မရှင်က ကြေညာခဲ့အပြီး လူ နှစ်ရာကျော်က ခိုင်လုံတဲ့ အထောက်ထားနဲ့ ကန့်ကွက်လာကြတာမို့ ရွေးကောက်ပွဲ ကော်မရှင်က ကန့်ကွက်ချက်ကို လက်ခံထားတယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးမြင့်နိုင်က ဘီဘီစီကို ပြောပါတယ်။

အဲဒီနောက် အသစ်ပြင်ဆင်ပေးဖို့ ရှစ်လေးလုံး ပြည်သူ့ပါတီကို အကြောင်းကြား ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ရှစ်လေးလုံး ပြည်သူ့ပါတီ ဖြစ်မြောက်ရေး ကော်မတီ ဦးဆောင်အဖွဲ့ တာဝန်ခံ ဦးရဲနိုင်အောင်ကတော့ သူတို့ဆီကို အကြောင်းကြား ထားတာ မရှိဘူးလို့ ပြောပါတယ်။

Skip ပေါ့ဒ်ကတ်စ် and continue reading
ပေါ့ဒ်ကတ်စ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of ပေါ့ဒ်ကတ်စ်

သူတို့ ပါတီနဲ့ ပတ်သက်လို့ ကန့်ကွက်ရန် ရှိမရှိ မေလ ၅ ရက်နေ့ ရက်စွဲနဲ့ ရွေးကောက်ပွဲ ကော်မရှင်က သတင်းစာထဲမှာ ထည့် ကြေညာခဲ့ပေမယ့် တလကျော် ကြာတဲ့အထိ ပါတီကို တစုံတရာ အကြောင်းကြားတာမျိုး မရှိခဲ့တဲ့အတွက် ဇွန်လ ၁၁ ရက်နေ့မှာ ကော်မရှင်နဲ့ တွေ့လိုကြောင်း စာတင်လိုက်တဲ့ အခါမှ ဇွန်လ ၁၅ရက်နေ့မှာ လက်ခံတွေ့မယ်လို့ အကြောင်းပြန်လာတယ်လို့ ဆိုပါတယ်။

ရှစ်လေးလုံး ပြည်သူ့ပါတီ အနေနဲ့ တင်ပြရမယ့် ပါတီ မူဝါဒနဲ့ ဖွဲ့စည်းပုံတွေလည်း အဆင်သင့် ဖြစ်နေပြီမို့ ပါတီ မှတ်ပုံတင်ကိစ္စ အဆင်ပြေမယ် ဆိုရင် ကြားဖြတ် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၃နေရာထက် မနည်း ဝင်ပြိုင်ဖို့ ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။

၈ လေးလုံး ပါတီလို့ ကနဦး နာမည်ပေးထားရာကနေ ကန့်ကွက်သူတွေ ရှိတဲ့အတွက် ၈ လေးလုံး ပြည်သူ့ပါတီလို့ နာမည်ပြောင်းပြီး မှတ်ပုံတင်ခဲ့အပြီးမှာ အခုလို ဆက်ကန့်ကွက် ခံနေရတာ ဖြစ်ပါတယ်။

၈ လေးလုံး ဆိုတဲ့ နာမည်ဟာ လူထုတရပ်လုံး ပါဝင် ခဲ့ပြီး ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းနိုင်ခဲ့တဲ့ လှုပ်ရှားမှုကြီး တခု ဖြစ်တဲ့အတွက် ၈ လေးလုံးဆိုတဲ့ နာမည်ကို ဘယ်ပုဂ္ဂိုလ်နဲ့ နိုင်ငံရေးပါတီကသုံးသုံး ကန့်ကွက်သွားမယ်ဆိုပြီး ကန့်ကွက်နေသူတွေက ပြောပါတယ်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ်နေတဲ့ ပြည်သူ့လွှတ်တော် အတွက် ၄နေရာ၊ အမျိုးသား လွှတ်တော်အတွက် တစ်နေရာနဲ့ ပြည်နယ် တိုင်းလွှတ်တော်အတွက် ၈ နေရာ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က မေလ ၈ ရက်နေ့က ကြေငြာထားပါတယ်။