မိုးကုတ်မှာ မြေပြိုလို့ မိသားတစု ထဲက လူ ၅ ဦးသေ

မိုးကုတ်

ဓာတ်ပုံ ရင်းမြစ်, Cherry Phyu Phyu

ဓာတ်ပုံ ပုံစာ,

၇တန်း အရွယ် ကျောင်းသား တစ်ယောက်ပါဝင်ပြီး အားလုံးက မိသား တစ်စုတည်းက ဖြစ်ကြ

အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံ တဝန်း မိုးဆက်တိုက်ရွာ နေချိန်မှာ မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်း ကြပ်ပြင်၊ အောင်သစ်လွင် ရပ်ကွက်မှာ မြေပြိုကျတဲ့ အတွက်လူ ၅ ယောက် သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေ ထဲမှာ ၇တန်း အရွယ် ကျောင်းသား တစ်ယောက်ပါဝင်ပြီး အားလုံးက မိသား တစ်စုတည်းက ဖြစ်ကြပါတယ်။

ဇွန်လ ၁၄ ရက် မနက် စောစော ၄ နာရီလောက်က မြေပြိုပြီး အိမ်တွေ ပြိုကျရာမှာ အိမ်နီးနားချင်း တွေက ထွက်ပြေးလွတ်မြောက် ခဲ့ကြပေမဲ့ အဲဒီ မိသားစုက အိပ်ပျော်နေကြလို့ ထွက်မပြေး နိုင်ဘဲ သေဆုံး ခဲ့ကြရတာလို့ ဒေသခံ တွေက ပြောပါတယ်။

မိုးကုတ်မြို့ မင်းတံတားအုပ်စု မင်းတံတား နယ်မြေ ၉ မှာ နေထိုင်သူ ၄ ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

မိုးဆက်တိုက် ရွာနေတာ ၄ ရက်လောက် ရှိနေပြီဖြစ်ပြီး ကမ်းပါးထိပ်က တောင် ပြိုကျရာမှာ နေအိမ် ၃ လုံး ပြိုကျခဲ့တယ်လို့ ကသည်း ကျေးရွာ အုပ်စုမှာ နေထိုင်တဲ့ မမော်မော်ငြိမ်းက ဘီဘီစီကိုပြောပါတယ်။

မနက်အစောပိုင်းက မြေပြိုတာကြောင့် လူသေဆုံး ဒဏ်ရာရသူတွေရှိခဲ့သလို နေ့လယ် ၂ နာရီဝန်းကျင် မှာလည်း နောက်ထပ် မြေပြိုတာတွေရှိခဲ့လို့ လူနေအိမ်ခြေ တချို့ရွှေ့ပြောင်းခဲ့ရ ပါတယ်။

မိုးကုတ်မြို့ အရှေ့ရပ်က ဖောင်တော်ဦး ဘုရားမှာ အက်ကွဲရာ ကြီးတွေဖြစ်ပေါ် ခဲ့တယ်လို့ မိုးကုတ်မြို့ခံ ဦးစိန်ဝင်းက ဘီဘီစီကိုပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U Myo Thu Win

ဓာတ်ပုံ ပုံစာ,

ဇွန်လ ၁၃ ၇က်နေ့ကလည်း စေတုတ္ထရာနဲ့ ဆင်ဖြူကျွန်းကြားက ဖောင်တော်ဦးချောင်းမှာ လူမျောပါ သေဆုံးခဲ့

အခု လူသေဆုံးတဲ့အထိဖြစ်ခဲ့တဲ့ ကသည်း အုပ်စု အောင်သစ်လွင် အရပ်က အခုမြေပြိုမှုဖြစ်ခဲ့တဲ့ နေရာအနီးတဝိုက်မှာ မနှစ်ကလည်း မြေပြိုခဲ့လို့ လူ ၁ ယောက် သေဆုံးခဲ့ပါသေးတယ်။

မိုးကုတ်မြို့ဟာ နှစ်စဉ်လိုလို မိုးဆက်တိုက်ရွာရင် မြေသားပျော့တဲ့ နေရာမှာရှိတဲ့ နေအိမ်တွေဟာ အခုလို မြေပြိုတဲ့ အန္တရာယ် ကြုံတွေ့ရလေ့ရှိပြီး အသက်သေဆုံးတဲ့ အထိဖြစ်လေ့ ရှိပါတယ်။

မိုးကြီးတဲ့ အတွက် မိုးကုတ်မြို့မှာ မြေပြိုတဲ့ သဘာဝဘေး ရင်ဆိုင်နေရသလို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် တို့မှာလည်း ရေကြီးတာတွေ ရှိခဲ့ပါတယ်။

လမ်းတံတား ၃၉ ခုအထိပျက်စီးခဲ့တဲ့ အပြင် ရေဘေးသင့် ပြည်သူ သောင်းနဲ့ချီ ရှိနေတယ်လို့ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနကနေ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။