ဦးကိုနီလုပ်ကြံမှု စွဲချက်တွေအပေါ် ဇွန် ၁၈ ဆုံးဖြတ်မယ်

Image caption ဦးကိုနီလုပ်ကြံမှု တရားခံတွေကို ရုံးချိန်းတခုမှာ ရုံးထုတ်စဉ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ လုပ်ကြံ သတ်ဖြတ်ခံရမှုမှာ တင်ထားတဲ့ စွဲချက်တွေကို ပြောင်းလဲပေးဖို့ တရားခံနဲ့ တရားလို နှစ်ဘက်စလုံးရဲ့ လျှောက်လဲချက်တွေအပေါ် ဆုံးဖြတ်တဲ့ အမိန့်ကို လာမယ့် ဇွန်လ ၁၈ ရက်နေ့မှာ ချမှတ်မယ်လို့ ဦးကိုနီ မိသားစုဘက်က လိုက်ပါ ဆောင်ရွက် ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ဇွန်လ ၁၄ ရက်နေ့ ရုံးချိန်းရှိပေမယ့် အမှုတွဲ ရောက်မလာလို့ ရုံးချိန်းကို နောက်တပတ်ကို ရွေ့လိုက်တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ တနှစ်ကျော်က ရန်ကုန်လေဆိပ်မှာ ဦးကိုနီကို သေနတ်နဲ့ လုပ်ကြံ သတ်ဖြတ်ခဲ့တဲ့ အပေါ် သေနတ်သမား ကြည်လင်း အောင်ဝင်းဇော်နဲ့ ဇေယျာဖြိုးတို့ကို ကြိုတင် ကြံစည်ပြီး ပူးပေါင်း လုပ်ကြံ သတ်ဖြတ်မှုဖြစ်တဲ့ ပုဒ်မ ၃၀၂ (၁) (ခ)/၃၄ နဲ့ ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးက စွဲချက်တင်ထားခဲ့တာ ဖြစ်ပါတယ်။

တရားခံတွေဘက်ကတော့ ကြိုတင် ကြံစည်ပြီး ပူးပေါင်း လုပ်ကြံ သတ်ဖြတ်မှုဖြစ်တဲ့ ပုဒ်မ ၃၀၂ (ခ) အစား ရိုးရိုးလူသတ်မှုအဖြစ် စွဲချက်ပြောင်းတင်ဖို့ လျှောက်လဲခဲ့တာဖြစ်ပါတယ်။

တရားလိုတွေဘက်ကတော့ လက်ရှိစွဲချက်တွေနဲ့ လုံလောက်မှုမရှိတဲ့အတွက် အကြမ်းဖက်ဥပဒေအရပါ နောက်ထပ် အမှုတခုနဲ့ စွဲချက်တင်ပေးဖို့ တင်ပြထားတာဖြစ်ပါတယ်။

ဒီတင်ပြချက်တွေအပေါ် တရားရုံးက ဘယ်လိုစွဲချက်တွေနဲ့ တင်မယ်ဆိုတာကို ဇွန်လ ၁၈ ရက်နေ့မှာ ဆုံးဖြတ်မှာ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောပါတယ်။

နိုင်ငံခြားခရီးစဉ်က ပြန်လာတဲ့ ဦးကိုနီကို လေဆိပ် စောင့်ဆိုင်းသတ်ဖြတ်တာဖြစ်လို့ ဒါဟာ ကြိုတင်ကြံစည်မှုဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ပြီး အာဏာရ ပါတီရဲ့ ဥပဒေ အကြံပေးတဦးလည်းဖြစ် နိုင်ငံတော်ရဲ့ ဥပဒေရေးရာကိစ္စနဲ့ ပတ်သက်လို့ ကြိုးပမ်းဆောင်ရွက်သူလည်းဖြစ်တဲ့ ဦးကိုနီကို လူအများနဲ့ သက်ဆိုင်တဲ့ နေရာမျိုးမှာ လုပ်ကြံခဲ့တာဟာ အကြမ်းဖက်ဝါဒကို ကျင့်သုံးရာရောက်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောပါတယ်။

ဒီစွဲချက်ပြင်ဆင်ဖို့ တင်ပြမှုတွေကို တရားရုံးက ဆုံးဖြတ်ပြီးရင် တရားခံတွေကို စတင်စစ်ဆေးတော့ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို စတင်စစ်ဆေးရင် ဦးကိုနီလုပ်ကြံမှုနဲ့ ပတ်သက်တဲ့ တရားစီရင်မှုဟာ သူရဲ့ အတွေ့အကြုံအရ နောက်ထက် ၆လ လောက်ကြာမြင့်အုံးမယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးနေလက သုံးသပ်ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလက ရန်ကုန်လေဆိပ်မှာ သေနတ်သမား ကြည်လင်းရဲ့ လုပ်ကြံခံရတာဖြစ်ပြီး သူ့ကို ဖမ်းဆီးဖို့ ကြိုးစားတဲ့ အငှားယာဉ်မောင်း ကိုနေဝင်းလည်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။